ဤဆောင်းပါးများကို ရေးရမည်ဆိုလျှင် နိုင်ငံရေးဆိုသောစကားကို ပထမသုံးသပ်ရန်လိုသည်။ “ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး၊ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ်၊ မင်းရေးကျယ်” စသည်ဖြင့် ရှေးမြန်မာစာများတွင် ဖတ်ရ၏။ မှတ်ရ၏။ ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသောအဓိပ္ပာယ်၊ ကျယ်ဝန်းသောအဓိပ္ပာယ်၊ သိမ်မွေ့သောအဓိပ္ပာယ်တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများအား လမ်းစရှာမတွေ့စေဘဲ လူများ များ ဆိုင်းတွင် တီးလိုက်တိုင်း မြည်သည့်စည်ကဲ့သို့ ပညာရှိကြီးသဖွယ် လူများအထင်ကြီးအောင် ပြောကောင်းပြောလို့ရသည့် စကားလည်းဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အဖို့မှာ နိုင်ငံရေးအမျိုးမျိုးအကြောင်းကို မရေးခင် နိုင်ငံရေးဆိုသည့်အဓိပ္ပာယ်အကျယ်အဝန်း၊ အတိုင်းအတာကို စဉ်းစားမိ၏။