ခွာနာလျှာနာရောဂါသည် အရှေ့တောင်အာရှနိုင်ငံများ၌ ခွာကွဲတိရစ္ဆာန်များတွင် လျင်မြန်စွာ ကူးစက်စေတတ်သည့် အဓိကကျသော ရောဂါတစ်ခုဖြစ်သည်။ တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ ကုန်သွယ်မှု၌ ရောဂါကင်းစင်မှုသည် အရေးပါသည့်ရောဂါဖြစ်၍ ရောဂါကင်းရှင်းနိုင်ငံဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြသော်လည်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ၏ ရွှေ့ပြောင်းသွားလာမှုများကြောင့် လျင်မြန်စွာ ပြန်လည်ဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားစေ သော ဗိုင်းရပ်စ်ပိုးမျိုးကွဲ (၇) မျိုးရှိပြီး Type O, A, C, SAT 1, SAT 2, SAT 3 နှင့် Asia 1 တို့ ဖြစ်ကြသည်။ မျိုးကွဲတစ်ခုနှင့် တစ်ခုအကြားတွင် ရောဂါခုခံနိုင်မှု သီးခြားစီရှိကြသည်။ ၎င်းခုနစ်မျိုးတွင် Type “O” အမျိုးအစားသည် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။