ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့
ဝင်းဇော်(ရေနံဓာတု)
စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းစက်သုံးဆီဖူလုံစေရေး၊ စက်သုံးဆီလိုအပ်ချက်များ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေး၊ အစီအမံများ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စွမ်းအင်ဆိုင်ရာစာရင်းအင်းအချက်အလက်များအရ ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းပြီး ၃ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှထုတ်လုပ်သုံးစွဲလျက်ရှိပါသည်။ ပြည်ပမှစက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် စက်သုံးဆီများ ပြည်တွင်း၌ထုတ်လုပ်ရောင်းချနိုင်ရေးစီမံကိန်း (Plan) များ အသီးသီးချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အရည်အသွေးမြင့် စက်သုံးဆီ (ဒီဇယ်၊ ဓာတ်ဆီ) များ စီးပွားဖြစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ စက်ရုံအဟောင်းများ Upgrade ပြုလုပ်၍ စက်စွမ်းအားပြည့်လည်ပတ်ခြင်းများ ပါဝင်လာရာ သန်လျင်ရေနံချက်စက်ရုံအား စက်ရုံအသစ်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်း၊ ပြည်တွင်း ရေနံစိမ်းများကို တိုးမြှင့်ထုတ်လုပ်ရန် လျာထားချက်များ ချမှတ်ပြီး တိုးမြှင့်ရရှိလာသော ရေနံစိမ်းအားရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) နှင့် ချောက်ရေနံချက်စက်ရုံတို့တွင် ချက်လုပ်ခြင်းနှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) ရေနံချက်စက်ရုံအနီး Euro V အဆင့်ရှိဓာတ်ဆီ၊ ဒီဇယ်များ ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်းစသည့် ပြည်တွင်း ပြည်ပစွမ်းအင်ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် Energy Strategy အလှည့်အပြောင်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထုထံ တိုက်ရိုက်ရောင်းချဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်
ပြည်တွင်းမှထွက်ရှိသော ရေနံစိမ်းများကို ချက်လုပ်သည့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) ရေနံချက်စက်ရုံမှထွက်ရှိသည့် (ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ရေနံချေး) တို့အနက်မှ ဓာတ်ဆီအား ယခင်က ပုဂ္ဂလိကလုပ်ငန်းရှင်များထံ တင်ဒါရောင်းချခဲ့ရာမှ ယခုအခါ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် စက်သုံးဆီအရောင်းဆိုင်များတွင် ပြင်ပပုဂ္ဂလိကဆိုင်များ ရောင်းချနေသော ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ပြည်သူလူထုထံ တိုက်ရိုက်ရောင်းချဖြန့်ဖြူးပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်ဖြင့် စီမံဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီးလက်အောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များဖြစ်သည့် မန္တလေးဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၆၁၁)၊ (၀၆၁၄) နှစ်ဆိုင်နှင့် နေပြည်တော် (ပျဉ်းမနား) ဓာတ်ဆီအရောင်းဆိုင် အမှတ် (၀၃၅၄) စုစုပေါင်းသုံးဆိုင်တို့အား ပြန်လည်ဖွင့်လှစ်ပြီး မော်တော်ဆိုင်ကယ်နှင့် သုံးဘီးမော်တော်ဆိုင်ကယ်မောင်းဆီများအား ဒေသန္တရပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချပေးမည့် ဓာတ်ဆီ၏ အောက်တိန်းနံပါတ်မှာ (RON-68) ရှိပါသည်။
တောင်ငူမြို့နှင့် လွိုင်လင်ဓာတ်ဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန် ဆောင်ရွက်
အထက်ပါဓာတ်ဆီအရောင်းဆိုင် သုံးဆိုင်အပြင် တောင်ငူမြို့ ဟင်းငုတ်ပင်ဓာတ်ဆီအရောင်းဆိုင်နှင့် ရှမ်းပြည် (တောင်ပိုင်း) လွိုင်လင်ဓာတ်ဆီ အရောင်းဆိုင်များကိုလည်း ဆက်လက်ဖွင့်လှစ်ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးတွင်လည်း ပြည်သူလူထုများ ဈေးနှုန်းချိုသာစွာ တိုက်ရိုက်ဝယ်ယူရရှိနိုင်ရေး ဆက်လက်တိုးချဲ့ဖွင့်လှစ်ရန် Plan များချ၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဝန်ကြီးဌာနပိုင် ဓာတ်ဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းဖြင့်
- အသေးစားအလတ်စား စက်မှုလုပ်ငန်းများ အတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူလာခြင်း၊
- ပြည်သူလူထုများ နေ့စဉ်ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များမှ ကြီးမားသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရမည့်အစား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲလာနိုင်သည့်အတွက် ဓာတ်ဆီဖိုးကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေ အထိုက်အလျောက် အထောက်အပံ့ရရှိခြင်း၊
- ဆီစားနှုန်းသက်သာ၍ ကြာရှည်အမောင်းခံခြင်း၊
- ဓာတ်ဆီဆိုင်တွင် တန်းစီစောင့်ဆိုင်း၍ ဆီဖြည့်ရသည့် အချိန်မကုန်ခြင်းကြောင့် အဘက်ဘက်တို့တွင် နှောင့်နှေးကြန့်ကြာမှုမရှိခြင်း၊
- လုပ်ငန်းခွင်တွင် လုပ်ငန်းတာဝန်များ စိတ်ကြည်လင်စွာ လုပ်ဆောင်နိုင်ခြင်း၊
- ပြည်တွင်းထွက် ဓာတ်ဆီအသုံးပြုခြင်းဖြင့် နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည့် နိုင်ငံခြားသုံးငွေ အထိုက်အလျောက် လျှော့ချနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ခံစားကြရမည်ဖြစ်ပါသည်။
ဇီဝလောင်စာဆီ စက်သုံးဆီများ ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိ
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးတို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် လေ၊ နေ၊ ရေ၊ ဘူမိအပူနှင့် ဇီဝစွမ်းအင်များ ထုတ်လုပ်သုံးစွဲနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ရာ လယ်ယာထွက်သီးနှံနှင့် ဘေးထွက်ပစ္စည်းများ၊ အခြားဇီဝအရင်းအမြစ်များမှ ထုတ်လုပ်ရရှိနိုင်သော ဇီဝလောင်စာဆီများအား ပြည်တွင်းထုတ် ဓာတ်ဆီ (သို့မဟုတ်) ပြည်ပမှ တင်သွင်းသော ဓာတ်ဆီတို့ဖြင့် သတ်မှတ်အချိုးအစားအတိုင်း ရောစပ်ကာ ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း၌ ဓာတ်ဆီများအား ရေမဲ့အီသနောရောစပ်၍အသုံးပြုမည်ဆိုပါက အခြားဒေသတွင်းနိုင်ငံများကဲ့သို့ ရုပ်ကြွင်းလောင်စာ စက်သုံးဆီ (Fossil Fuel) အသုံးပြုခြင်းအား လျှော့ချ၍ ဇီဝလောင်စာစက်သုံးဆီ (Bio Fuel) အသုံးပြုခြင်းများ တိုးမြှင့်လာစေခြင်း၊ ရေမဲ့အီသနောအား ဓာတ်ဆီနှင့် ရောနှောသုံးစွဲခြင်းဖြင့် နိုင်ငံ၏ နှစ်စဉ်စက်သုံးဆီ ကဏ္ဍလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ခြင်း၊ ပြောင်း၊ ကြံ၊ ဆန်ကွဲစသည့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ရေမဲ့အီသနောအဖြစ် ထုတ်လုပ်အသုံးပြုနိုင်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးအားမြှောက်ပြုနိုင်ခြင်း၊ ပြည်ပမှဝယ်ယူရသော စက်သုံးဆီပမာဏအား လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းစေပြီး ပြည်သူများ၏ ဝင်ငွေများ ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်းတို့ကြောင့် ယခုဖွင့်လှစ်ရောင်းချသော နိုင်ငံပိုင်စက်သုံးဆီဆိုင်များမှစတင်၍ နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဇီဝလောင်စာဆီ စက်သုံးဆီများကိုပါ ရောင်းချသွားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူလူထုအား အသိပေးအပ်ပါသည်။ ။