တိုးတက်အောင်မြင်ပါစေ တပ်မတော်(ရေ)
မောင်ရဲမျိုး
Toll Gate ဝန်ထမ်းကပေးသော ပြေစာကို ကျွန်တော့်လက်ထဲမှ ၅၀ဝိ/- ကျပ်တန်နှင့် လဲယူလိုက်ပြီး လီဗာကို အသာဖိနင်းလိုက်သည်။ တံတားအထက်ရှိ Slow Down ကို ကျော်သွားသည့်နောက် ကျွန်တော့်ကားကလေးမှာ မြားတစ်စင်းက ပစ်လိုက်သလို လေဟုန်ကိုခွင်း၍ ပြေးထွက်သွားသည်။ ဒီဇင်ဘာလနောက်ဆုံးပတ်၏ နံနက်ခင်းလေအေးကို အရသာခံရင်းကားမှန်များ ထပ်ချလိုက်ရာ အအေးဓာတ်၏ ထိတွေ့မှုကို ပိုခံစားရသည်။
မကြာမီက ဖွင့်လှစ်ထားသော သန်လျင် - ရန်ကုန် အမှတ်(၃)တံတားပေါ်မှ အရှေ့ဘက်သို့ မျှော်ကြည့်လိုက်ရာ Star City မှ မိုးမျှော်တိုက်တာများကို တွေ့ရှိရသည်။ ပဲခူးမြစ်အတွင်း စီတန်းကျောက်ချထားသော ရေယာဉ်အသီးသီးကို မြင်ရ၏။ နံနက်ခင်းစောစောယာဉ်အသွားအလာရှင်းသဖြင့် တံတားအဆင်းသို့ တစ်ခဏအတွင်းရောက်ရှိခဲ့သည်။ ယခင်က ရန်ကုန်မှသန်လျင်သို့ သွားရာတွင် သန်လျင်အမှတ်(၁) တံတားကိုသာ အသုံးပြုခဲ့ကြရသည်။ အမှတ်(၂)တံတား (ကုလားဝဲတံတား)မှာ ကွန်တိန်နာ ကုန်တင်ယာဉ်များ သွားလာရန်အတွက် ဦးစားပေးဖောက်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတံတား အသုံးပြုပါက ခရီးရှည်မှုရှိပါသည်။ ထို့ကြောင့် သန်လျင်တံတားအမှတ်(၁)ကိုပင် အသုံးများကြရာ ယာဉ်ကြောကျပ်တည်းမှုဒုက္ခကို ခံစားကြရသည်။ တစ်ခါတစ်ရံ တံတားပေါ်တွင် ကားပျက်ပါက ယာဉ်ကြောပိတ်ဆို့ပြီး အခက်အခဲများစွာ ဖြစ်ကြရသည်။ ယခု သန်လျင်အမှတ်(၃)တံတား ပြီးစီးသွားပြီဖြစ်၍ ရန်ကုန်-သန်လျင်ကို လျင်မြန်ချောမွေ့စွာ သွားလာနိုင်ကြပြီဖြစ်သည်။ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှုရလဒ် အသီးအပွင့်များပင် ဖြစ်ပေသည်။
တိုးတက်ပြောင်းလဲမှုများစွာဖြင့် ကြိုဆိုနေ
တံတားအဆင်းမီးပွိုင့်ကို ကျော်လာသောအခါ သံဆူးကြိုးအတားအဆီးများနှင့် လုံခြုံရေးဂိတ်ကိုတွေ့ရ၏။ နာရီစင်မီးပွိုင့်ကျော်လာသောအခါ ညီညာဖြောင့်ဖြူးသောလမ်း၊ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်နေသော လမ်းဘေးပတ်ဝန်းကျင်ကို သတိထားမိသည်။ မရောက်တာကြာပြီဖြစ်သော သန်လျင်မြို့သည် ကျွန်တော့်ကို တိုးတက်ပြောင်းလဲမှုများစွာဖြင့် ကြိုဆိုနေပါသည်။
လူစည်ကားလွန်းသော အောင်ချမ်းသာကားဂိတ်တွင် ကားကိုဖြည်းဖြည်းသာ မောင်းနှင်လာခဲ့သည်။ နံနက်စောစောတွင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အေးချမ်းသာယာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူများကိုကြည့်၍ ဝမ်းသာပီတိဖြစ်မိ၏။ တရားဥပဒေစိုးမိုးရေးရှိမှသာ နယ်မြေဒေသအေးချမ်းမည်၊ နယ်မြေဒေသအေးချမ်းမှ သာပြည်သူအများ စီးပွားရှာဖွေလုပ်ကိုင် စားသောက်နိုင်မည်မှာ ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းပမာဆက်စပ်နေပါသည်။
၁၈ ကုန်းထိပ်သို့ရောက်သောအခါ ရွှေရောင်တဝင်းဝင်းနှင့် ကျိုက်ခေါက်စေတီတော်ကြီးကို နံနက်ခင်းနေရောင်အောက်တွင် သပ္ပာယ်စွာဖူးတွေ့ရသဖြင့် ကားစတီယာရင်ပေါ် လက်အုပ်ချီဦးချကန်တော့မိသည်။ ကျိုက်ခေါက်စေတီတော်ကြီးအနီး ကုန်းထိပ်မရောက်မီ ယာဘက်ခြမ်းကွက်လပ်တွင် ဘုရားပွဲတော်၌ ထည့်သွင်းကျင်းပမြဲဖြစ်သော ဇာတ်ရုံများဆောက်လုပ်ရာ ကွင်းပြင်ကြီးကိုတွေ့ရ၏။ ဆိပ်ကြီးရေတပ်လေ့ကျင့် ရေးကျောင်းဌာနချုပ်တွင် စီမံခန့်ခွဲရေးအရာရှိငယ်သင်တန်း တက်ရောက်စဉ် ကျိုက်ခေါက်ဘုရားပွဲ ပွဲဈေးတန်းလျှောက်၊ ဘူးသီးကြော်ဆိုင်ထိုင်၊ ပွဲခင်းထဲပွဲဝင်ကြည့်ခဲ့ရသည်ကို ပြန်လည်မြင်ယောင်မိပါသည်။ အတိတ်အကြောင်း အတွေးနယ်ချဲ့မိ၏။ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ၊ တပ်မတော်(ရေ)မှ အငြိမ်းစားယူခဲ့သည်ပင် ၁၀ နှစ်ရှိခဲ့ပါပြီ။
ရေကြောင်းတက္ကသိုလ်ကားလမ်းကြီးကို မျက်စိတစ်ဆုံး လှမ်းတွေ့နေ
ဘုရားကုန်းဆင်းမီးပွိုင့်မှ ဝဲဘက်ကိုလှမ်းမျှော်ကြည့်လိုက်ရာ မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်သို့ သွားသောကားလမ်းကြီးကို မျက်စိတစ်ဆုံး လှမ်းတွေ့နေရသည်။ ယာဘက်တွင် အမှတ်(၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်သို့ သွားသောလမ်းဖြစ်သည်။ တပ်မတော်(ရေ) စီမံခန့်ခွဲရေးအရာရှိ ငယ်သင်တန်းတက်စဉ်ကယခုကဲ့သို့ ကားများ၊ ဆိုင်ကယ်များ မပေါများမီကမ်းတက်ခွင့် (Liberty) နောက်ကျ၍ ဖယ်ရီကားမမီပါက လယ်ကွင်းများမှ ရေကန်များကိုဖြတ်ပြီး ဖန်ချက်စက်ရုံအနီး လမ်းမပေါ်သို့ထွက်ကာ ကားကြုံတားစီးခဲ့ရသည်။ ထိုအချိန်ကများသောအားဖြင့် စက်ဘီးကယ်ရီများကို အားထားရသည်။ ကျိုက်ခေါက်ဘုရားကိုအရောက်သွား၍ ၎င်းမှ ကျောက်တန်းကား၊ သုံးခွကားများကို တိုးဝှေ့တွယ်ကပ်စီးကာ သန်လျင်သီတာဆိပ်သို့ ချီတက်ရသည်။ သီတာသင်္ဘောများဖြင့် ညောင်တန်းသို့ သွားကာ နေအိမ်ဆီသို့ အဆင့်ဆင့် သွားခဲ့ကြရသည်။ ယခုတော့ အရာအားလုံးသည် အတိတ်မှာကျန်ခဲ့ပြီ။
လွန်ခဲ့သော ငါးရက်ခန့်က ကျွန်တော့်လက်ကိုင်ဖုန်းကို ဖုန်းတစ်ခုဝင်လာပြီး သန်လျင်တပ်နယ်မှ တာဝန်ရှိသူတစ်ယောက်က တပ်မတော်(ရေ)နေ့အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း ရှိ/မရှိ မေးခဲ့ပါသည်။ ကျွန်တော်က တက်ရောက်နိုင်ကြောင်း မဆိုင်းမတွပြန်ဖြေလိုက်ပါသည်။ တက်ရောက်နိုင်က ဖိတ်ကြားပါကြောင်း၊ အချိန်မီကြွရောက်ရန် ထပ်မံတင်ပြပါသည်။ ကျွန်တော်က အကျိုးအကြောင်းမေးကြည့်ရာ တပ်မတော်(ရေ)အတွက် အားသစ်လောင်းမည့်နေ့ဖြစ်၍ စစ်မှုထမ်းဟောင်းများအား တက်ရောက်ရန် ဆက်သွယ်ဖိတ်ကြားရခြင်းဖြစ်ကြောင်း ပြည့်စုံစွာရှင်းပြပါသည်။ တပ်မတော်(ရေ)မှ အငြိမ်းစားယူပြီး ဖြစ်သော်လည်း သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အနေဖြင့် ကျွန်တော့်ကိုဖိတ်ကြားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဂုဏ်ယူကျေနပ်လည်းဖြစ်မိပါသည်။ တပ်မတော်(ရေ)မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်မိသည်။
ကျွန်တော်တို့ငယ်စဉ်က ဟောင်းနွမ်းနေခဲ့သော သန်လျင် - သီလဝါသွား ကားလမ်းနံဘေးရှိ ဖန်ချက်စက်ရုံမှာ ယခုအခါ သစ်သစ်လွင်လွင်နှင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြောင်း တွေ့ရှိရပါသည်။ ဖန်ချက်စက်ရုံကျော်လာတော့ ရိုးပြတ်များနှင့် လယ်ကွင်းများကို တွေ့ရသည်။ အချို့လယ်ကွင်းများမှာ နွေစပါးစိုက်ပျိုးရန်အတွက် ပြင်ဆင်နေကြသည်ကို ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့နေရသည်။ စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ပေးနေသော နိုင်ငံတော်အစိုးရကို ကျေးဇူးတင်မိသည်။ မည်သည့်အစိုးရတက်တက် မိမိတာဝန်ကျေပွန်ရမည်၊ မိမိအလုပ် မိမိလုပ်ရမည် ဖြစ်ပါသည်။
ဆောင်းလေနှင့်အတူ ပျံဝဲလာသည့် ရိုးပြတ်ရနံ့ကို ရှူရှိုက်ရင်းဆိပ်ကြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့သွားရာ လေးခွဆုံလမ်းမှတစ်ဆင့် MITT နှင့် ရေတပ်သင်္ဘောကျင်းဌာနချုပ်သို့သွားရာ သုံးခွဆုံလမ်းခွဲကို ကျော်လာသည်။ ပြင်ပမှမိတ်ဆွေများ ရေတပ်သို့ လာရောက်လည်ပတ်ပါက မကြာခဏလမ်းမှားပြီး MITT သို့ ရောက်သွားတတ် သည့်နေရာဖြစ်သည်။ လမ်းဆုံကျော်ပြီး MITT သို့ သွားသည့်ရထားလမ်းကို အရှိန်နှေးနှေးဖြင့် ဖြတ်ကျော်လိုက်သည်။ ငယ်စဉ်ဆိပ်ကြီးတွင် သင်တန်းတက်စဉ်က သန်လျင်ဘက်အပြန် ကားကြုံမရှိသောကြောင့် ရထားကိုတားစီး၍ အကြုံလိုက်ခဲ့ဖူးသည်ကို သတိရမိပါသည်။
တပ်မတော်(ရေ)တွင် အမျိုးသမီးအရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်သည်ကို တွေ့ရှိရ
တပ်မတော်(ရေ)တွင် အမျိုးသမီးအရာရှိ၊ စစ်သည်များကို ခန့်အပ်တာဝန်ပေးလာကြောင်း မြင်တွေ့ကြားသိနေရပါသည်။ ကျွန်တော်တို့ တပ်ထဲရောက်စတပ်မတော်(ရေ)တွင် အမျိုးသမီးအရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်သည်ကို တွေ့ရှိရပါသည်။ အဆိုပါ အမျိုးသမီးအရာရှိများ၏ စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှုတို့ကို ကိုယ်တိုင်ကြုံခဲ့ပါသည်။ တပ်မတော်(ရေ) စီမံခန့်ခွဲရေး အရာရှိငယ်သင်တန်းဆင်း၍ ဗျူဟာ စစ်ရေယာဉ်စု လက်အောက်ခံ စစ်ရေယာဉ်တွင် တွဲဖက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် စစ်ရေယာဉ်မှူး၏ တာဝန်ပေးအပ်မှုအရ ဗိုလ်အောင် ကျော်ဆိပ်ကမ်းရှိ ရေတပ်ပင်မတိုင်းတာ ရေးတပ်၊ ငွေစာရင်းဌာန (ယခင် Mayo Marine Club)တွင် စစ်သည်များ၏ လစာသွားထုတ်စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့ စစ်ရေယာဉ်များမှ လစာလာထုတ်ကြရာ ငွေစာရင်းအရာရှိထံတွင် အစဉ်လိုက်တန်းစီဝင်တွေ့ပြီး လစာထုတ်ကြရပါသည်။ ကျွန်တော့်ရှေ့က စီနီယာဗိုလ်ကြီးတစ်ယောက်အား ငွေစာရင်းအရာရှိက ဆူပူနေသည်ကို အခန်းအပြင်မှ ကျွန်တော်အတိုင်းသားကြားနေရပြီး ခြေဖျားလက်ဖျားပင် အေးစက်နေပါသည်။ မျက်နှာမသာမယာနှင့် ဗိုလ်ကြီးထွက်သွားသောအခါ ကျွန်တော်ဖြောင်းခနဲ သတိမတ်နေအောင်ဆွဲ၍ စမတ်ကျကျအလေးပြုပြီး ဝင်ခွင့်ပြုရန်တောင်းလိုက်ပါသည်။ ဗိုလ်မှူးဝတ်စုံနှင့် ငွေစာရင်းအရာရှိက ကျွန်တော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ကျွန်တော့်စိစစ်ရေးကတ်ကို တောင်းယူကာစစ်သည်လစာစာရင်း တောင်းခံလွှာနှင့် တိုက်ဆိုင်ကြည့်ပါသည်။ ကျွန်တော်ကပဲ စမတ်ကျကျ အလေးပြုလိုက်လို့ပဲလား မပြောတတ်ပါ။ ဘာမှထွေထွေထူးထူး ပြောမနေတော့ဘဲ လစာများ ထုတ်ပေးလိုက်ပါသည်။ ကျွန်တော်လစာများယူပြီး အမြန်ပြန်ထွက်ရန် ပြင်လိုက်စဉ် စိစစ်ရေးကတ်ထဲက လက်မှတ်နှင့်အပြင်က လက်မှတ်တူအောင်ထိုးရန် လှမ်းသတိပေးလိုက်ရာ ကျွန်တော်က သတိဆွဲပြီး “ဟုတ်”ဟု အကျယ်ကြီးအော်ဖြေပြီး အခန်းအပြင်သို့ သုတ်ခြေတင်လိုက်ပါသည်။ နောက်မှစုံစမ်းကြည့်ရာ အဆိုပါငွေစာရင်းအရာရှိမှာ ဗိုလ်မှူး ဒေါ်ခင်စန်းသွင်ဖြစ်ကြောင်း၊ စည်းကမ်းအလွန်ကြီးကြောင်း၊ ခင်ပွန်းဖြစ်သူမှာလည်း တပ်မတော်(ရေ)မှပင် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်(ယခုအငြိမ်းစား)ဖြစ်ကြောင်း စသည်ဖြင့် ကြားသိရပါသည်။
အမျိုးသမီးတို့၏ သဘောသဘာဝနှင့်ကိုက်ညီသော လုပ်ငန်းတာဝန်များ တပ်မတော်(ရေ)တွင် အများကြီးရှိပါသည်။ ကျွန်တော့်နောင်တော်ကြီး ရေတပ်ပင်မတိုင်းတာရေးတပ်၊ တပ်မှူးကြီးကလည်း ပြောဖူးပါသည်။ သူ့တပ်တွင် အမျိုးသမီးအရာရှိ၊ စစ်သည်များ ခန့်အပ်တာဝန်ပေးအပ်ထားကြောင်း၊ အသုံးတည့်အားကိုးရကြောင်း၊ အထူးသဖြင့် စိတ်ရှည်ရှည်နှင့် ဇွဲရှိရှိလုပ်ရသော ပုံဆွဲ(Carto) လုပ်ငန်း၊ ENC(Electronic Navigation Chart-ENC) အီလက်ထရောနစ်ရေပုံရေးဆွဲခြင်းလုပ်ငန်းများ၊ ဒီရေတွက်ချက်သည့် လုပ်ငန်းများတွင် တည်ငြိမ်စွာအချိန်ပေးလုပ်ကိုင်ကြကြောင်း၊ အချိန်ပေးအာရုံစိုက်မှုမှာ အမျိုးသားစစ်သည်များနှင့်ကွာကြောင်း ပြောကြားပါသည်။ မည်သူမဆို သင့်တော်သည့်တာဝန်ပေးအပ်ပါက တိုးတက်အောင်မြင်မှုရရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
စစ်ဆေးရေးဂိတ်အလွန် ပတ်ဝန်းကျင်မှာ ဖြောင့်ဖြူးညီညာသော ကားလမ်းမ၊ ပြန့်ပြူးသော လမ်းပခုံးနှင့် ပနံရစွာစိုက်ပျိုးထားသော ထန်းပင်တန်းကို မျက်စိတစ်ဆုံး မြင်တွေ့ရပါသည်။ ကျွန်တော်တပ်က အငြိမ်းစားယူစဉ်က အပင်ပေါက်ဘဝသာရှိသေးသော ထန်းပင်များမှာ ယခုအခါ မော့ကြည့်ရသည့်အနေအထား ရောက်နေပါပြီ။ နံနက်ခင်းနေရောင်အောက်တွင် ဝေဖြာနေသော ထန်းလက်များမှာကြည့်၍ပင် ကောင်းနေသေးတော့သည်။ ကားလမ်း၏ ဝဲဘက်ခြံစည်းရိုးအတွင်း ဂေါက်ကွင်း Green ခုံကိုတွေ့လိုက်ရ၍ ဘရိတ်ကိုပင် ယောင်မှားနင်းမိပါသည်။ စိမ်းစိုနေသော Fair Way နှင့် Green ခုံအလယ်မှ အလံတိုင်နှစ်တိုင်မှာ ကျွန်တော့်ကို လက်ယပ်ခေါ်နေသည့်နှယ် ယခင်က ဗျိုက်တော၊ ပရုန်းတောဖြင့် ဖုံးအုပ်နေသည့်နေရာတွင် စိမ်းစိုနေသောဂေါက်ကွင်းက နေရာယူနေပြီဖြစ်ပါသည်။
သစ်ပင်၊ ပန်းပင်များ စိမ်းလန်းစိုပြည်ရှိလှ
အတွေးစများဖြင့် ဆက်လက်မောင်းနှင်လာခဲ့ရာ အခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိလာပါတော့သည်။ ရေတပ်သင်္ဘောကျင်း ဌာနချုပ်အတွင်း မောင်းဝင်လိုက်သည်နှင့် သစ်ပင်၊ ပန်းပင်များဝေဝေဆာဆာနှင့် စိမ်းလန်းစိုပြည်ရှိလှပါသည်။ လမ်းဘေးရေကန်များတွင် ကြာပန်းများနှင့် ရေပျော်ငှက်များ၊ ဗျိုင်းများက အုပ်လိုက်အစာရှာနေကြသည်မှာ ကြည့်၍ပင်ကောင်းတော့သည်။ ဌာနချုပ်ပင်မဂိတ်သို့ လှမ်းကွေ့လိုက်စဉ် ဗဟိုကင်းမှ “အလေးပြု”ဆိုသည့် အမိန့်သံကြောင့် ကျွန်တော့်ညာလက်မှာလည်း အလိုလိုအလေးပြုမိပါသည်။ ဗဟိုကင်းမှာ လမ်းနှင့်အနည်းငယ်ကွာလှမ်းနေ၍ ကျွန်တော့်အား အရာရှိထင်ကာ အလေးပြုလိုက်ခြင်းဖြစ်ပါသည်။ အငြိမ်းစားယူခဲ့သည်မှာ ၁၀ နှစ်ကျော်ခန့် ရှိပြီဖြစ်သော်လည်း အလိုလိုအလေးပြုမိလျက်သားဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် “တစ်ကြိမ်စစ်သားဖြစ်ဖူးသူသည် အမြဲထာဝရ စစ်သားဖြစ်သည်” (Once a Soldier, Always a Soldier) ဟု မှတ်ချက်ပြုခဲ့ကြခြင်းပင် ဖြစ်ပါသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ် “တည်ဆောက်ပြုပြင်၊ ဆန်းသစ်လွင်” သူတို့၏ ဘူမိနက်သန်၊ နေရာမှန်ကိုခြေချမိသည့် မြင်ကွင်းအားလုံး လုံးဝပြောင်းလဲသွား၍ မြင်မြင်သမျှ ရင်သပ်ရှုမောရပါသည်။ တပ်ထိန်းစစ်သည်များ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း မောင်းနှင်သွားရာ စစ်ရေယာဉ်များလွန်းတင်ရာ လွန်းလမ်းများတွင် လွန်းတင်ပြုပြင်နေသော ရေယာဉ်အသီးသီးကို စနစ်တကျမြင်တွေ့ရပါမည်။ ကားရပ်ရန်သတ်မှတ်နေရာတွင် ကားကိုရပ်ထားခဲ့ပြီးနောက် အခမ်းအနားကျင်းပမည့်နေရာသို့ လျှောက်လှမ်းလာခဲ့သည်။ အခမ်းအနားကျင်းပမည့် တံတားထိပ်မုခ်ဦးတွင်ရေးထိုးထားသော “၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်းအခမ်းအနား”ဟူသည့် စာသားအောက်တွင် အမည်ပေးရေချမည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးကို နေရောင်အောက်တွင် ခံ့ညားထည်ဝါ ဂုဏ်ယူဖွယ်ရာ လှမ်းတွေ့ရပေသည်။ ဤသို့ အချိုးကျပြေပြစ်သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ကြသည့် မိမိတို့၏ စက်မှုလက်မှုအရာရှိ၊ စစ်သည်များကို လေးစားဂုဏ်ယူဖြစ်မိပါသည်။
မဏ္ဍပ်အတွင်း သတ်မှတ်နေရာသို့ ရောက်သောအခါ အနည်းငယ်စောနေသဖြင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသူ စီနီယာ၊ ဂျူနီယာအရာရှိများအား သွားရောက်နှုတ်ဆက်မိပါသည်။ အားလုံးပါးစပ်ဖျား၌ ရေချတော့မည့် အသစ်စက်စက်၊ တပ်မတော်(ရေ)၏ အကြီးဆုံးဖရီဂိတ် စစ်ရေယာဉ်ကြီးအကြောင်းပင် ဖြစ်တော့သည်။ အားလုံးကိုယ်စီမျက်နှာတွင် ဂုဏ်ယူမှု၊ လေးစားမှု၊ အားရကျေနပ်မှုများ ရောပြွန်းနေသည်ကို အထင်းသားမြင်တွေ့နေရပါသည်။ မဏ္ဍပ်အတွင်း LED Board ၌ မကြာမီ ရေချတော့မည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်ခဲ့မှု သမိုင်းကြောင်းနှင့် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ တည်ဆောက်ပြီးခဲ့သော စစ်ရေယာဉ်များအကြောင်းကို စိတ်ဝင်စားဖွယ် ပြသနေပါသည်။
တပ်မတော်(ရေ)၏ အမြုတေဖြစ်သော ဗမာပြည်ဘုရင့်အပျော်တမ်း ရေတပ် (Burma Royal Navy Volunteer Reserve –BRNVR) ကို ၁၉၄၀ ပြည့်နှစ် ဇွန်လနှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့စဉ်က ရေတပ်ဆိုင်ရာစက်မှုလက်မှုတပ်ခွဲ (Coastal Force Work Shop) အမည်ဖြင့် သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့် (ယခုမြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်း) နေရာတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် ရေတပ်အခြေစိုက်စက်မှုလက်မှု အလုပ်ရုံ (Naval Base Engineering Work Shop) အမည်ဖြင့် သိမ်ဖြူလမ်းအလုပ်ရုံမှ ယခုလက်ရှိတည်နေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ရေတပ်တိုင်းစစ်ဌာနချုပ်များ တိုးချဲ့ဖွဲ့စည်းရာတွင် အထောက်အကူပြု လက်ရုံးတပ်များအဖြစ် ရေတပ်စက်မှုလက်မှုတပ်၊ ဆင်မလိုက်သင်္ဘောကျင်းတပ်ဖွဲ့လည်း ပါဝင်ခဲ့ပါသည်။ လက်ရှိတပ်နေရာကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ပထမဦးဆုံးသော တပ်မှူးမှာ ဗိုလ်မှူးသိန်းဟံ ဖြစ်ပါသည်။ ၁၉၆၁-၆၂ ခုနှစ်တွင် ရေတပ်စက်မှုလက်မှုတပ်မှ ရေတပ်ပင်မစက်မှုလက်မှုတပ် (ဒုတိယဗိုလ်မှူးကြီးအဆင့်) အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ပထမဦးဆုံးသောတပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ကျော်အောင်ဖြစ်ပါသည်။
စစ်ရေယာဉ်များ တိုးတက်များပြားလာ
တပ်မတော်(ရေ)တွင် စစ်ရေယာဉ်များ တိုးတက်များပြားလာသဖြင့် နှစ်စဉ်လွန်းတင်ရမည့် အရေအတွက်များပြားလာခြင်း၊ ဖရီဂိတ်စစ်ရေယာဉ်ကြီးများ တည်ဆောက်ရန် လိုအပ်လာခြင်းတို့ကြောင့် ယခုလက်ရှိနေရာတွင် ခေတ်မီသင်္ဘောကျင်းတစ်ခု တည်ဆောက်ရန်ထိုစဉ်အချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂-၁-၁၉၉၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂-၂-၂၀၀၂ ရက်တွင် လွှဲပြောင်းလက်ခံခဲ့ပြီး ၂၂-၂-၂၀၀၂ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ရေတပ်သင်္ဘောကျင်းဌာနချုပ်ကိုလည်း အဆင့်ဆင့်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၇-၁၁-၂၀၀၈ ရက်တွင် နောက်ဆုံးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးဌာနချုပ်မှူးမှာ ဗိုလ်ချုပ်ပေါ်ထွန်းဖြစ်ပါသည်။
ယခင်က တန်ချိန်ရာဂဏန်းမျှသာ လွန်းတင်ပြင်ဆင်တည်ဆောက်နိုင်ရာမှ ယခုအခါတန်ချိန်ထောင်ချီသော လွန်းကျင်းမှ ဖရီဂိတ်စစ်ရေယာဉ်ကြီးများအား တည်ဆောက်ရေချနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ကြားသိရပါသည်။ ယခုရေချခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးကို စစ်ရေယာဉ်များ ပင်လယ်ပြင်တပ်ပေါင်းစုလေ့ကျင့်ခန်းပြုလုပ်ရာသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ကြည့်ရှုစစ်ဆေးချိန်တွင် တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း LED Board တွင် ပြသနေသည်ကို မြင်တွေ့ရပါသည်။
အမှန်အားဖြင့် “ရွှေနိုင်ငံ”ဟု တင်စားခဲ့ကြသော ကျွန်တော်တို့နိုင်ငံသည် ရေမိုင်ပေါင်း ၁၂၆၀ ကျော် ရှည်လျားသော ကမ်းရိုးတန်းနှင့် စတုရန်းရေမိုင်ပေါင်း တစ်သိန်းလေးသောင်းကျော် ရေပြင်ဧရိယာကို ပိုင်ဆိုင်ထားပါသည်။ ရေပေါ်ရေအောက်သယံဇာတများ ပေါကြွယ်ဝသည့်အပြင် ကျွန်းကြီး၊ ကျွန်းငယ်များ၊ လှပသောပင်လယ်ကမ်းခြေများ၊ အဖိုးတန်ရေနက်ဆိပ်ကမ်းများကို ပိုင်ဆိုင်ထားပါသည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းများဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အော်တို့ကို အချက်အချာကျကျ စိုးမိုးထားသော ပထဝီတည်နေရာတွင် တည်ရှိနေပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော မလက္ကာရေလမ်းကြောင်းအနီးတွင် တည်ရှိသည့်အပြင် ပရီပဲရစ်ရေလမ်းကြောင်း၊ ကိုကိုးရေလမ်းကြောင်း စသည့်ရေလမ်းကြောင်းတို့ကို ပိုင်ဆိုင်ထားသောကြောင့် ထိန်းချုပ်ပွိုင့်များ (Choke Points)ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ကို “ရွှေနိုင်ငံ၏ ရွှေပင်လယ်”ဟုပင် တင်စားထိုက်ပေသည်။
ရွှေပင်လယ်၏ တန်ဖိုးကြီးမားမှုကို အလေးထားသော တပ်မတော်အကြီးအကဲက စစ်ရေယာဉ်များကို ကိုယ်တိုင် တည်ဆောက်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှ သာရှိသည်”ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းမီ စစ်ရေယာဉ်များကို ကိုယ်ပိုင်ဒီဇိုင်းများ ရေးဆွဲတည်ဆောက်ရန် တွန်းအားပေးခဲ့သည်။ လိုအပ်သည်များ ပံ့ပိုးကူညီခဲ့သည်။ ထို့ကြောင့် အမျိုးအစားစုံလင်သော စစ်ရေယာဉ်များကို လျင်မြန်စွာ ဧရာခင်း၊ တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်ခြင်းများ ဆောင်ရွက်နေသည်ကို မြင်တွေ့ကြားသိနေပေသည်။ “ဝယ်ယူအသုံးပြုသူမှ တည်ဆောက်သူ (Buyer to Builder)” အဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေကို များစွာခြိုးခြံ ချွေတာနိုင်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖရီဂိတ်စစ်ရေယာဉ်ကြီးကို အမည်ပေးခြင်းမင်္ဂလာ ဆောင်ရွက်ပေးပြီး ဤစစ်ရေယာဉ်ကြီးနှင့်တကွ စစ်ရေယာဉ်ကြီးနှင့်အတူ လိုက်ပါတာဝန်ထမ်းဆောင်သူများအားလုံး ဘေးအန္တရာယ်ကင်းစွာဖြင့် သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း မြွတ်ကြားပြီးနောက် တစ်ခဲနက်ထွက်ပေါ်လာသော ကောင်းချီးဩဘာသံများက ဘဝဂ်တိုင်ရောက်ရှိသွားပါသည်။
မင်္ဂလာအချိန်တွင် တပ်မတော်အကြီးအကဲက ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ရေတပ်ထုံးတမ်းစဉ်လာအတိုင်း ရေချပေးပါသည်။ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ တပ်မတော်(ရေ)စစ်တီးဝိုင်းမှ တီးမှုတ်ခြင်းတို့သည် တစ်ပြိုင်တည်း မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာပါသည်။ တစ်ချိန်တည်းတွင် လွန်းကျင်းများမှ Winch များကလည်း ရေယာဉ်ကြီးကိုရေချရန် အောက်သို့တဖြည်းဖြည်း နိမ့်ဆင်းသွားပါသည်။ ပရိသတ်လက်ခုပ်ဩဘာသံများကြားတွင် နီ၊ စိမ်း၊ ဝါ သုံးရောင်ခြယ် Colour Smoke တို့ကလည်း ရေယာဉ်ကြီးကို ကျက်သရေတိုးစေပါသည်။
ဆက်လက်၍ ရေယာဉ်ကြီးတည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသော အရာရှိ/စစ်သည်များအား တပ်မတော်အကြီးအကဲက နှုတ်ဆက်အားပေးခြင်း၊ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းတို့ကို တွေ့မြင်ရပေသည်။ တပ်မတော်အကြီးအကဲကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ အားပေးချီးမြှင့်မှုကြောင့် အရာရှိ/ စစ်သည်အပေါင်း၏ ပင်ပန်းနွမ်းနယ်မှုများမှာ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ရှိကြပြီး နောင်ဆက်လက် တည်ဆောက်ထုဆစ်မည့် စစ်ရေယာဉ်အသစ်များအတွက် ခွန်အားများ ဆပွားတိုးတက်စေကြောင်း ထင်ရှားစွာတွေ့မြင်နေရပါသည်။
အခမ်းအနားပြီးဆုံးချိန် ကျွန်တော်တို့ စစ်မှုထမ်းဟောင်းများသည် စုပေါင်းကားဖြင့် ဆက်လက်ပြုလုပ်မည့် တပ်တော်ဝင်စစ်ရေယာဉ်များ အခမ်းအနားကျင်းပမည့် အမှတ်(၁) ဗျူဟာစစ်ရေယာဉ်စု ဆိပ်ခံတံတားသို့ ဦးတည်ထွက်ခွာခဲ့ကြပါသည်။
အခမ်းအနားကျင်းပမည့် ရေတပ်ဆိပ်ခံတံတားထိပ်မုခ်ဦးတွင် “ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ၂ စီး တပ်တော်ဝင်အခမ်းအနား” ဟူ၍ ရေးထားသည့်စာသားကို တွေ့မြင်ရပါသည်။ ရေတပ်၏ ရေပေါ်ရန်၊ ရေအောက်ရန်၊ ဝေဟင်ရန်နှင့် အီလက်ထရောနစ်ရန်ဟူသော စစ်ဆင်ရေးနယ်ပယ်လေးရပ်တွင် ရေအောက်ရန်စွယ်များ ချေမှုန်းသုတ်သင်ရန်အတွက် ယခုကဲ့သို့ အမျိုးအစား စစ်ရေယာဉ်များကို တည်ဆောက်တပ်တော်ဝင်ခြင်းဖြစ်ကြောင်း နားလည်ရပါသည်။ နယ်ပယ်လေးရပ်စလုံးအတွက် အချိုးအစားညီမျှသော စစ်ရေယာဉ်များကို ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နေမည်မှာ မုချမသွေဖြစ်ပါသည်။ သို့မှသာ မြန်မာ့ပင်လယ်ပြင်မှ ချင်းနင်းဝင်ရောက်လာမည့် ကျူးကျော်ရန်စွယ်များကို ဟန့်တားကာကွယ်နိုင်မည်ဖြစ်ပါသည်။
မဏ္ဍပ်အတွင်းစောင့်ဆိုင်းနေစဉ် တသုန်သုန်တိုက်ခတ်နေသော မြောက်ပြန်လေနှင့်အတူ အရောင်အသွေးစုံလင်သော ဌာနချုပ်၊ တပ်၊ ဗျူဟာစစ်ရေယာဉ်စုများ၊ တပ်များ၏အလံများ၊ တပ်တော်ဝင်ပြုလုပ်မည့် ရေယာဉ်များတွင် တပ်ဆင်သွယ်တန်းထားသည့် အလံများသည် တလူလူလွင့်ပျံနေသည်မှာ ကြည့်၍ပင်ကောင်းသေးတော့၏။ တပ်မတော်(ရေ) စစ်တီးဝိုင်းကလည်း ကျွန်တော်တို့အတွက် မရိုးနိုင်ပါ။ တပ်မတော်(ရေ) သီချင်းများတီးမှုတ်နေရာ စစ်သွေးစစ်မာန်များ နိုးကြားစေပါသည်။ တံတားတွင် ဆိုက်ကပ်ချည်နှောင်ထားသော စစ်ရေယာဉ်များကလည်း ဦးတစ်ကြွကြွဖြင့် ပေးအပ်မည့်တာဝန်ကို ဦးဆွေးဆံမြည့်ထမ်းဆောင်ရန် ငံ့လင့်နေသည့်အလား ထင်မှတ်မှားရပါသည်။
သတိပေး စစ်ခရာမှုတ်သံနှင့်အတူ တပ်မတော်အကြီးအကဲ၏ ယာဉ်တန်း အခမ်းအနားကျင်းပမည့် ဆိပ်ခံတံတားပေါ်သို့ ချဉ်းကပ်ရောက်ရှိလာပါသည်။ မဏ္ဍပ်အတွင်း နေရာယူပြီးသောအခါ အခမ်းအနားမှူးက အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပါသည်။ စစ်ဦးစီးအရာရှိချုပ်(ရေ)၏ “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာလိုက်သည်”ဆိုသည့် အောင်မြင်ခံ့ညားသော ကြေညာချက်အဆုံးတွင် နိုင်ငံတော်အလံအား လွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်းရှစ်ချက်တီးခြင်းတို့ကို တစ်ပြိုင်နက်တည်းပြုလုပ်ကြပါသည်။ တစ်ဆက်တည်းတွင် စစ်ရေယာဉ်မှူး၏ “နိုင်ငံတော်အလံအားအလေးပြု”ဟူသော အမိန့်က ထက်ကြပ်ထွက်ပေါ်လာရာ မဏ္ဍပ်အတွင်းရှိသူ အားလုံးမတ်တပ်ရပ်ဂါရဝပြုကြပါသည်။ တပ်မတော်(ရေ)စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းကိုတီးမှုတ်နေရာ ကြက်သီးမွေးညှင်းထသည်အထိ ခံစားရပါသည်။ ထို့နောက် သစ္စာ(၄)ချက် ရွတ်ဆိုကြရာ ကျွန်တော့်နှုတ်မှ လိုက်ဆိုနေမိသည်အထိ ကြည်နူးပီတိဖြစ်ရပါသည်။ ဆက်လက်၍ တာဝန်ကျတပ်ဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ တာဝန်ကျတပ်ဖွဲ့နေရာ ယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး တပ်မတော်အကြီးအကဲက တပ်တော်ဝင်စစ်ရေယာဉ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ရှင်းလင်းပြသခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ပြီး စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တက်ရောက်သွားပါသည်။ ကျွန်တော်အပါအဝင် ပရိသတ်များမှာ မဏ္ဍပ်အတွင်း ထိုင်လျက်ကျန်ရှိနေသော်လည်း အခမ်းအနားကျင်းပမှုများကို ဆက်လက်ကြည့်ရှု မြင်တွေ့နေရပါသည်။
ခေတ္တမျှအကြာတွင် တပ်မတော်အကြီးအကဲအား ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခြင်းများ ဆောင်ရွက်ပါသည်။ ထို့နောက် “အမြောက်ပစ်ဖောက် အလေးပြု”ဟူသော အမိန့်သံအဆုံး ကျယ်လောင်သော အမြောက်သံကို ကြားလိုက်ရပါသည်။ ရေလယ်တွင် ချည်နှောင်ထားသော စစ်ရေယာဉ်ကြီးနှစ်စင်းမှ ပစ်ဖောက်အလေးပြုလိုက်သော နရီမှန်မှန်ထွက်ပေါ်လာသည့် အမြောက်သံမှာ ရေတပ်သားတို့၏ လေ့ကျင့်သားပြည့်ဝမှုကို ဖော်ကျူးနေပါသည်။ ကျွန်တော့်ဘေးက အငြိမ်းစား Long Commission ဗိုလ်ကြီး(ငြိမ်း)တစ်ယောက်က အမြောက်သံအားတိုးတိုးလေး Timing ရေတွက်နေရာ ကျွန်တော်ကလည်း အမြောက်သံကို လက်ချိုးရေတွက်နေမိပါသည်။ နောက်ဆုံး အမြောက်သံသည် (၂၁) ချက်တွင်ရပ်သွားရာ နိုင်ငံတော်အကြီးအကဲကို ထုံးတမ်းအစဉ်အလာအတိုင်း အမြောက်အရေအတွက် (၂၁)ချက် ပစ်ဖောက်အလေးပြုခြင်း အခမ်းအနားလည်း ပြီးမြောက်ခဲ့ပါသည်။
အမြောက်ပစ်ဖောက် အလေးပြုပြီး တစ်ဆက်တည်း မိမိတို့တပ်မတော်(ရေ)တွင် တည်ဆောက်တပ်တော်ဝင်ခဲ့သည့် စစ်ရေယာဉ်များက ပုံပြုမောင်းနှင်၍ နိုင်ငံတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများနှင့် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလံတို့ကို အသီးသီးလွှင့်ထူကာ တပ်မတော်အကြီးအကဲအား အစဉ်လိုက် ချီတက်အလေးပြုကြပါသည်။ ဆက်လက်၍ တပ်မတော်အကြီးအကဲက ပုံပြုမောင်းနှင်အလေးပြုကြသော စစ်ရေယာဉ်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များအားပေးအပ်ခြင်း၊ ဂုဏ်ပြုအမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
မဏ္ဍပ်အတွင်း ကျွန်တော်တို့ စစ်မှုထမ်းဟောင်းများအားလုံး စုပေါင်းကားပေါ်ပြန်တက်ပြီး ထွက်ခွာလာခဲ့ကြပါသည်။ အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ အရာရှိရိပ်သာသို့ရောက်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)က စီမံပေးထားသည့် နေ့လယ်စာအား မြိန်ရှက်စွာ သုံးဆောင်ခဲ့ကြရပါသည်။ ထို့ပြင် လက်ဆောင်အဖြစ် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ရေ) နှစ်လည်မဂ္ဂဇင်း၊ စားပွဲတင်ပြက္ခဒိန်နှင့် မှတ်စုစာအုပ်၊ (၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ Logo ရေးထိုးထားသော ဦးထုပ်တစ်လုံးနှင့် စပို့ရှပ်တစ်ထည်တို့အား လက်ခံရရှိခဲ့ပြန်သဖြင့် ကျေးဇူးတင်မဆုံး အမြဲတမ်းအမှတ်တရဖြစ်ရပါသည်။
စုပေါင်းကားဖြင့် ကျွန်တော့်တို့ ကားများရပ်ထားရာနေရာအထိ လိုက်ပါပို့ဆောင်ပေးသဖြင့် မိမိကားဖြင့် အိမ်ပြန်ခရီးစခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က တပ်မတော်(ရေ)မှ အငြိမ်းစားယူခဲ့သော်လည်း တပ်မတော်(ရေ)က ကျွန်တော်တို့ကို အမြဲသတိတရရှိနေသေးသည်ကို တွေးမိပြီး ကားမောင်းရင်း ကြည်နူးပီတိဖြစ်ရပါသည်။ တပ်မတော်(ရေ)၏ ပြောင်းလဲတိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အပြင် ယခုထက် ပိုမိုတိုးတက်အောင်မြင်စေရန်လည်း ဆန္ဒပြုမိပါသည်။ နောင်နှစ်များတွင်လည်း ကျွန်တော် ချစ်သော၊ လေးစားတန်ဖိုးထားရသော တပ်မတော်(ရေ)မည်ကဲ့သို့ တိုးတက်အောင်မြင်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုအားပေးလိုကြောင်း ရိုးသားစွာဆန္ဒပြုရင်း (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။ ။