ရောဂါအထူးအဆန်းများ တစ်မျိုးပြီးတစ်မျိုးပေါ်ထွက်လာနေသော၊ တစ်နေ့တခြား စိတ်ဖိစီးမှုများ ပိုမိုများပြားလာနေသော ယနေ့ကမ္ဘာတွင် အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်၌ နေထိုင်လုပ်ကိုင်ရှင်သန်နိုင်ရေးသည် လူသားတို့၏ နေ့စဉ်ဘဝအတွက် အလွန်အရေးပါသည့်အကြောင်းကိစ္စဖြစ်လာနေသည်။ နေအိမ်များ၊ လမ်းများ၊ ကျေးရွာ/ရပ်ကွက်များ၊ ရုံးဌာနများ စသဖြင့် နေ့စဉ်လူအများ မှီခိုနေထိုင်ရသည့်၊ ကျင်လည်လှုပ်ရှားနေရသည့်နေရာဝန်းကျင်တို့သည် သန့်သန့်ပြန့်ပြန့်၊ သပ်သပ်ရပ်ရပ်ရှိနေခြင်း၊ မျက်စိပသာဒအမြင်တွင် ရှင်းရှင်းလင်းလင်းရှိနေခြင်းတို့က ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ခံစားမှုကောင်းမွန်ရေးတို့အတွက် များစွာအထောက်အကူပြုသည်ဟု သုတေသီများက ရှာဖွေတွေ့ရှိထားသည်။