ကျွန်ုပ်တို့ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပရန် နီးကပ်လာပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲများကို ကြီးကြပ်ရမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များသည် လာမည့်အထွေထွေရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်ပေးရမည့် ပုဂ္ဂိုလ်များပင်ဖြစ်ပါသည်။