ဆိုင်းပညာရှင်အဖြစ်သို့ ရောက်လိုသူ တစ်ဦးသည် ငယ်ရွယ်စဉ်အခါမှစ၍ အားကိုးလောက်သော ပညာရှင်ဆိုင်းဆရာကြီးထံ၌ နှစ်ရှည်လများ တပည့်ခံပြီးလျှင် ဆိုင်းသမားအဖြစ်မှ ပတ်တီးလက်ထောက်၊ ပတ်တီးခေါင်းဆောင်အဖြစ်သို့ တစ်စတစ်စ တိုးတက်ရောက်ရှိသည့်တိုင်အောင် အထူးဝီရိယစိုက်၍ ပညာဆည်းပူးပါမှ ဆိုင်းဆရာအဖြစ်သို့ ရောက်ရှိနိုင်လေသည်။ ဤကဲ့သို့သော ဇွဲ၊ ဝီရိယဖြင့် အားခဲလေ့လာ ကြိုးစားခဲ့ကြသဖြင့် မြန်မာနိုင်ငံ ဆိုင်းလောကတွင် ကျော်ကြားခဲ့ကြသော ဆိုင်းဆရာများသည် မြန်မာမင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ပင် အသီးသီးပေါ်ထွက်ခဲ့ကြလေသည်။ သို့ရာတွင် အချို့သော ဆိုင်းဆရာအဆက်အနွှယ်တို့သည် ရိုးရာ ဖြစ်သောဆိုင်းပညာကို ဆက်ခံလိုက်စား ခြင်းနည်းပါးသဖြင့် တဖြည်းဖြည်းမှေးမှိန် တိမ်ကောသွားကြရသည်။ အချို့သော ဆိုင်းဆရာကြီးများ၏ သားမြေးတို့သည် ကားဆိုင်းပညာကိုစွန့်၍ ဇာတ်သဘင်ပညာဖြင့် အသက်မွေးကြသည်။ အချို့ မှာမူရိုးရာဆိုင်းပညာကို လိုက်စားပါသော်လည်း မိဘဘိုးဘွားများကဲ့သို့ ထူးချွန်ကျော်ကြားခြင်းမရှိကြချေ။ သို့ဖြင့်ဆိုင်းပညာရှင်ကြီးများ ဖြစ်ကြသည့် ‘ဆရာအုန်း’၊ ‘ဆရာလတ်’တို့၏ အဆက်အနွှယ်များသည် မြန်မာနိုင်ငံ ဆိုင်းလောက တွင် တိမ်ကောခဲ့ကြရသည်။