ပိုင်ကျုံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (JIP)၏ စီမံမှုဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာရှိ ဒါးကျိုင်းချောင်းကူး တံတားဆောက် လုပ်ရန်အတွက် ပန္နတင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဂျပန် အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) မှပေးပို့သော နှုတ်ခွန်းဆက်လွှာအား ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း ကဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားကြီးတည်ဆောက်ရန်အတွက် မင်္ဂလာအချိန်တွင် ပန္နတင်ခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားအား ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် ဂျပန်ပရဟိတအဖွဲ့ JIP က အကောင်အထည်ဖော် ဆောက်လုပ် သွားမည် ဖြစ်ပြီး တံတားအမျိုးအစားမှာ Border Pile အုတ်မြစ်၊ သံကူကွန်ကရစ် တံတားဖြစ်ပြီး အရှည်မှာ (၅၃ဝပေ)နှင့် အနံ(၁၅ပေ)နှင့် တံတား ခံနိုင်ဝန်မှာ(၂ဝတန်)ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း မြို့ပြနှင့် ကျေးလက်တန်းတူညီမျှ ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ လမ်းပမ်း ဆက်သွယ်မှု ပိုမို ကောင်းမွန်လာစေရေး၊ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးစောမြင့်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)