Skip to main content

တက္ကသိုလ်ဆရာမဘဝနှင့် ရန်ကုန်တက္ကသိုလ်

ဆရာမ မဖြစ်ခင်ဘဝ

တက္ကသိုလ်ဆရာမဖြစ်ဖို့ ရည်ရွယ်ချက်က  ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့မရခင်ကတည်းက ရှိခဲ့သည်။  ရှစ်လေးလုံး  လူထု အုံကြွမှုကြီးဖြစ်ပြီး ကျောင်းများကို  ရက်အကန့်အသတ် မရှိ ပိတ်ပစ်လိုက်တော့ ကျွန်မက ဒုတိယနှစ်  ဂုဏ်ထူး တန်းစာမေးပွဲဖြေရင်းတန်းလန်းဖြင့် အိမ်ပြန်ခဲ့ရသည်။ အိမ်မှာအားနေတော့  ‘ရောင်ခြည်သစ်စာပေ ဟူသော စာအုပ်ငှားဆိုင်လေး ဖွင့်ဖြစ်သည်။ သူငယ်ချင်းများနှင့် တွေ့ချင်သဖြင့် ရန်ကုန်လာရအောင် အကြောင်းပြချက် က စာအုပ်ဝယ်ရန် … ဟူသော  အလုပ်ကို  ခုတုံးလုပ်ရ သည်။ သူငယ်ချင်းများနှင့် စာအဆက်အသွယ်သာ ရှိသည်။ ထိုခေတ်က ဖုန်း အလွန်ရှားသည်။ သူငယ်ချင်း သက်နှင်းလှိုင်က “ငါတို့ ဘောက်ထော်စျေးထဲမှာ ကံ့ကော်ပန်းတွေ ရောင်းတယ်၊   ငါတို့ကျောင်းတော်ကြီးမှာလည်း ကံ့ကော်တွေ ဝေနေလောက်ပြီ၊ သူတို့ကို  ပန်ပေးမယ့် ကျောင်းတော်သူတွေကို မျှော်နေရှာရော့မယ်၊ ဘောက်ထော်က ကံ့ကော်ပန်းတွေက ကျောင်းထဲက ကံ့ကော်တွေလောက်မမွှေးသလိုပဲ ဟု  စာရေးတော့ တောင်ငူဆောင်ရှေ့လမ်းပေါ်မှာ ကံ့ကော်တွေ တစ်ပင်လုံး ဖွေးနေအောင် ပွင့်နေသည့်  မြင်ကွင်း၊ ပွင့်ဖတ်ဖြူတွေ လမ်းပေါ်ကြွေကျနေသည့်  မြင်ကွင်းတို့က  အာရုံထဲ ဝိုးတဝါး ပြန်မြင်လာရသည်။

ထိုခံစားချက်များက  စာရေးချင်စိတ်ကို  ဆွပေး သလိုဖြစ်နေသလားမသိ။  စာအုပ်ငှားဆိုင်လေးကြောင့် စာအုပ်တွေကို အရင်ကထက်ပိုဖတ်ဖြစ်သည်။  ဝတ္ထုတွေ  ရေးပြီး မဟေသီမဂ္ဂဇင်းကို စပို့သည်။ ကလောင်နာမည် ရွေးတော့ ဆရာမလုပ်ပြီး တောင်ငူဆောင်နှင့် ရာသက်ပန် ပတ်သက်လိုသောကြောင့် ရာသက်ပန် (တောင်ငူဆောင်) ဟု ရွေးဖြစ်သည်။ တောင်ငူဆောင်သည် ရန်ကုန် တက္ကသိုလ်  မြန်မာစာဌာနတည်ရာနေရာဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်နှင့်ကိုယ်   မခွဲခွာရသလို ခံစားရသည်။ ၁၉၈၉ ခုနှစ် ဧပြီလထုတ် မဟေသီမဂ္ဂဇင်း တွင် ဝတ္ထုတိုစာမူ  စပါပြီး စာပေလောကသို့   ဝင်ခဲ့သည်။  သတင်းစာကြော်ငြာတွင် ပါသောအခါ အခြားစာရေးသူ များနှင့်အတူ ရာသက်ပန်(တောင်ငူဆောင်)တို့၏ စာများ  ဟူသော စာသားကို အကြိမ်ကြိမ် ကြည့်မဝ ရှုမဝ ပျော်ရ သည်။ ပြောချင်တာက  ဆရာမ မဖြစ်ခင်   စာရေးဆရာ အရင်ဖြစ်သည့်အကြောင်းပါ။

ကျောင်းက သုံးနှစ်လောက်   ပိတ်ထားခြင်းဖြစ်၍ စာအုပ်ငှားဆိုင်လေးကို  ဖိဖိစီးစီးလုပ်ဖြစ်သည်။ နေ့စဉ် ဝင်ငွေလေးလည်းရသည်။    လစဉ်ထုတ်    မဂ္ဂဇင်းများ ကိုလည်း အရင်ဦးဆုံး ဖတ်ရသည်။  ဂုဏ်ထူးစာပေက စာအုပ်များ      စျေးလျှော့ရောင်းသည့်သတင်းကြောင့်  ရန်ကုန်လာ၍   စာအုပ်များဝယ်ရာ   ဘာသာပြန်စာအုပ် ကောင်းများ ရလိုက်သည်။ မောင်ထွန်းသူ ဘာသာပြန်သော ‘တက်စ်၊  ‘ဆဋ္ဌမ သုခရိပ်မြိုင် စသည့်စာအုပ်တို့ကို မှတ်မိ  သည်။  ၁၉၉၁ ခုနှစ်မှာဘွဲ့ရပြီး  မဟာဝိဇ္ဇာ   ဆက်တက်ရန် ကျောင်းဖွင့်သည့်နေ့မှာပင်   10  D    လှုပ်ရှားမှုဖြစ်ပြီး   ကျောင်းတစ်နှစ် ပိတ်ပြန်သည်။  10  D   ဟု   ခေါ်ခြင်းမှာ  ဒီဇင်ဘာ  ၁၀ ရက်နေ့တွင် စဖြစ်သောကြောင့်  ဖြစ်သည်။ မဟာဝိဇ္ဇာမပြီးခင်     ကုမ္ပဏီတစ်ခုတွင်    အလုပ်ဝင်ပြီး ကျမ်းပြုစုသည်။ ထိုကုမ္ပဏီက မဂ္ဂဇင်းထုတ်သောကြောင့် တာဝန်ခံအယ်ဒီတာ လုပ်ရသည်။ 

ဆရာမဘဝအစ

၁၉၉၃ ခုနှစ်တွင် လုပ်သားများကောလိပ် အချိန်ပိုင်း နည်းပြဖြစ်လာသည်။ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင် နယ်မြေ)၊ (ဗိုလ်တထောင်နယ်မြေ)တို့တွင် စာသင်ခြင်း၊  စာမေးပွဲစောင့်ခြင်းတို့ကို   လုပ်ရသည်။    ကြည့်မြင်တိုင် နယ်မြေတွင်  ဝိဇ္ဇာဘာသာရပ်များကို      သင်ရပြီး ဗိုလ်တထောင်နယ်မြေတွင်     သိပ္ပံဘာသာရပ်များကို သင်ရသည်။  ထိုအချိန်က  ကျောင်းသားများသည်  နိုင်ငံ့ ဝန်ထမ်းများဖြစ်သော်လည်း သူတို့ထက်ငယ်သော ဆရာ ဆရာမများကို တလေးတစားဆက်ဆံကြသည်။ အတန်းပြီး အိမ်ပြန်ချိန်သည် ည ၈ နာရီလောက်ဖြစ်နေပေပြီ။ ကြို၊ ပို့ ကားများဖြင့်   အိမ်ပြန်ကြသည်။  အများစုက   ဗိုက်ပူဟု  ခေါ်သော   သစ်သားကားကြီးများဖြစ်သည်။   ထိုအချိန်က အဆိုတော် ဗဒင်၏ ‘နေရာ စီးရီး ခေတ်စားနေချိန်ဖြစ်သည်။

မင်းအတွက်  ကိုယ် တစ်နေရာစာ ပိုဦးထားတယ် ဟူသော သီချင်းစာသားကို ကျောင်းသားများက ဆိုကြသည်။ ညအချိန်မတော်အိမ်ပြန်ရသော်လည်း အချင်းချင်း စောင့်ရှောက်ကြသောကြောင့်   ကြောက်စရာမလိုသည့် ခေတ်အခါဖြစ်သည်။  ၁၉၉၅ ခုနှစ် ဒုတိယနှစ်ဝက် စာသင် ကာလတွင်   ဒဂုံတက္ကသိုလ်က   အချိန်ပိုင်းနည်းပြခေါ်ရာ  ဒဂုံတက္ကသိုလ်တွင်    အချိန်ပိုင်းနည်းပြဖြစ်လာပြန်သည်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာတွင် ကျူတာ ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ အောင်၍ ဒဂုံတက္ကသိုလ်မှာပင် နည်းပြရာထူးဖြင့်  ဆရာမ  ဖြစ်လာသည်။ ဆရာမကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့်  ဆရာကြီး ဦးခင်အေး     (မောင်ခင်မင်-ဓနုဖြူ)တို့   လက်အောက်တွင် တာဝန်ထမ်းရသည်။ လစာငွေကျပ်  ၁၂၅၀  ရသည်။ ၁၉၉၈   ခုနှစ် ဖေဖော်ဝါရီလတွင် အမေဆုံးသည်။ ကျွန်မတို့ မောင်နှမ တစ်တွေ တက္ကသိုလ်တက်ရဖို့ သူ့ဘဝကို ပေးဆပ်ခဲ့သည့် အမေပါ။  ခိုကိုးရာမဲ့သည့်  ခံစားမှုက  ခါးသက်လှသည်။  ဆရာမကြီး ဒေါ်မာလေးက “ရွှေတောင်ကြီး ပြိုသွားပေမယ့်  ဘဝခရီးကို  ရဲရဲဆက်လျှောက်ပါ ဟူသော  စာသားပါသည့် ပို့စကတ် လေးတစ်ခုကို    လူကြုံနှင့်ပို့ပေးရာ   တကယ်ပဲ  အားဆေးတစ်ခွက်  ဖြစ်ခဲ့ရပါသည်။   ၂၀၀၁   ခုနှစ်တွင်   တောင်ကြီးတက္ကသိုလ်သို့ ပြောင်းရသည်။

ဆရာမဘဝနှင့် ရန်ကုန်တက္ကသိုလ်

၂၀၀၂  ခုနှစ်တွင်  ပါရဂူတန်းဝင်ခွင့်စာမေးပွဲအောင်သောကြောင့်    ရန်ကုန်တက္ကသိုလ်သို့   ပြောင်းခွင့်ရသည်။ ၂၀၀၃ ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ်  အင်္ဂလိပ်စာဌာနက  ဖွင့်သော Global English ဒီပလိုမာသင်တန်းကို တောင်ငူ ဆောင်တွင် တက်သည်။ နံနက် ၇ နာရီမှ  ၉  နာရီအထိ  တက်ရခြင်းဖြစ်သည်။ ထိုသင်တန်းတက်ပြီးလျှင် ကျောင်းဆက်တက်သည်။ ၂၀၀၅ ခုနှစ်တွင် Global English  ဒီပလိုမာဘွဲ့ရခဲ့သည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများသာ ရှိသည်။ တက္ကသိုလ်ဝင်တန်း စာစစ်တာဝန်ရှိသည်။ ကျွန်မတို့ လုပ်သက် သုံးနှစ်မပြည့်ခင်  စာစစစ်ရသည်။    ရန်ကုန်တက္ကသိုလ်  ရာမညဆောင်နှင့် တောင်ငူဆောင်တွင် စစ်ရခြင်းဖြစ်သည်။ ယခုကဲ့သို့ တိုင်းနှင့် ပြည်နယ် ၁၀ ခုခွဲ၍ စစ်ခြင်းမဟုတ်ပါ။ ကျွန်မကို တက္ကသိုလ် ဝင်တန်း (ဆယ်တန်း) စာစစ်သင်ပေးသော လက်ဦးဆရာမှာ ဆရာမကြီး ဒေါ်ခင်စန်းတင့်ဖြစ်သည်။ ပဲခူးတက္ကသိုလ်မှ  အငြိမ်းစားယူသွားသော  ပါမောက္ခ/ဌာနမှူး ဖြစ်ပါသည်။  နောက်တစ်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင်  တစ်နိုင်ငံလုံး အဆင့်    စာစစ်ဆေးခြင်းမလုပ်တော့ပါ။   ရန်ကုန်တိုင်း တစ်တိုင်းတည်းအတွက်သာ   စစ်ဆေးခြင်း   လုပ်ပါတော့ သည်။ ဒဂုံတက္ကသိုလ်က ပဲခူးတိုင်းအတွက် ဆယ်တန်းစာ စစ်ဆေးခြင်းလုပ်ငန်းကို တာဝန်ယူရပါသည်။ 

နည်းပြဆရာမဘဝတွင်    လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ဆရာကြီး ဆရာမကြီး တို့ကို ချစ်ကြောက်ရိုသေရသည်။ သူတို့သည် ကျွန်မတို့၏ သင်ဆရာ၊ မြင်ဆရာများ  ဖြစ်သည်။  တစ်ယောက်ဆီက  ကောင်းကွက်များကို အတုယူ၍ မကောင်းကွက်များကို ကိုယ်တိုင် မကျင့်သုံးမိစေရန် သတိပြုသည်။ စာစစ်မှူး လုပ်ရပ်၊ စာမေးပွဲစောင့်လျှင် တွေ့ရတတ်သော ကြီးကြပ် ရေးမှူးတို့လုပ်ရပ်များကို သင်ယူခဲ့ကြသည်။ ရွယ်တူ ရာထူးတူ ဆရာမအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြုံ   ဖလှယ်ကြသည်။   ကိုယ်နှင့်တိုက်ရိုက် မကြုံဖူးသော်လည်း ထိုသူတို့၏ အကျင့်စရိုက်ကို မသိစိတ်က သဘောကျ နှစ်သက်သွားတတ်ပြီး အတုယူကာ လိုက်လံကျင့်ကြံ လုပ်ဆောင်မိတတ်သည်။ ကြားဆရာများဟု ဆိုရမည်ထင်သည်။

နည်းပြဆရာမဘဝတွင် ဆရာမကြီး ဒေါ်မာလေးက ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းအုပ်ကြီး မြန်မာစာပါမောက္ခ  မပန်းခက်နှင့်  မိတ်ဆက်ပေးသည်။ မပန်းခက်သိလိုရာ ဖြေကြားရသည်။  ကိုယ်မသိလျှင် သိသူထံ လိုက်ပို့ရသည်။ ဆရာမကြီး ဒေါ်မာလေး၊ မပန်းခက်တို့နှင့်အတူ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဆရာကြီး  ဦးခင်မောင်လတ်တို့အိမ် ရောက်ခဲ့ဖူးသည်။             

ထိုစဉ်က မပန်းခက်သည် မြန်မာအမျိုးသမီးတို့၏ ဝတ္ထုတိုများကို ဂျပန်ဘာသာသို့ပြန်ဆိုရန်  ကြိုးစား နေခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်  အောက်တိုဘာလထုတ် မြန်မာ့ဓနမဂ္ဂဇင်းတွင်   ဖော်ပြခြင်းခံရသော   ‘သံမဏိ ကြိုးခတ်သံ ဝတ္ထုတိုကို  ဂျပန်ဘာသာပြန်ဆိုရန်အတွက်  ဝတ္ထုထဲမှ  တချို့သော စကားအသုံးများကို  မေးမြန်းသည်။ ၂၀၀၁ ခုနှစ်မှာ ဖြစ်သည်။ ထိုနှစ် သြဂုတ်လဆန်းတွင်  ကျွန်မ   တောင်ကြီးတက္ကသိုလ်သို့   ပြောင်းရွှေ့ရသည်။ မပြောင်းခင်   စာမူခအဖြစ်  အမေရိကန်ဒေါ်လာ  ၁၀၀ ရပါသည်။ ထိုအချိန်က ကျွန်မ၏ နည်းပြလစာမှာ ၁၂၅၀ ကျပ်ဖြစ်သည်။  နောက်တစ်ခု  အမှတ်ရနေသေးသည်။ ဆရာမကြီး  ဒေါ်မာလေးက   မပန်းခက်ကို   ဆရာကြီး ဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) အိမ်သို့ ခေါ်သွားခြင်း ဖြစ်သည်။ ထိုအချိန်က ဆရာကြီးမှာ  ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)    ဝန်ထမ်းအိမ်ရာတွင်  နေပါသည်။ ဆရာကောင်း  သမားကောင်းတို့၏  လုပ်ရပ်စိတ်ထား ပြောဆိုပုံတို့ကို ဘေးမှလိုက်ပါရင်း  ငေးမောနားထောင် သင်ယူရခြင်း အတွေ့အကြုံမှာ တန်ဖိုးမဖြတ်နိုင်ပါ။

၂၀၀၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ပြန်ရောက်တော့ မိဘအိမ်ပြန်လာရသည့်သမီးလို ခံစားရသည်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ပြန်ဆုံရသည်။ ကျောင်းမှာ ဂျူတီကျသည့်နေ့ဆို နံနက် အစောကြီးရောက်ပြီး  ညနေမိုးချုပ်မှ ပြန်ရတတ်သည်။ ကျောင်းတော်ကြီးမှာ ဘွဲ့လွန်ကျောင်းသား  ကျောင်းသူ များနှင့် ဆရာ ဆရာမ ဝန်ထမ်းများလောက်သာရှိသဖြင့် လူသူရှုပ်ထွေးမှုမရှိပါ။  သို့သော်  ကျောင်းအလွမ်းဖြင့် ကျောင်းသို့ရောက်လာသော ကျောင်းသား ကျောင်းသူ ဟောင်းတို့ကို ရံဖန်ရံခါတွေ့ရတတ်သည်။

တစ်ခါက ဝေသာလီဆောင်ရှေ့တွင် ကျောင်းသူဘဝ က မြင်ဖူးသော ကျောင်းသားတစ်ဦးကို ပြန်တွေ့သည်။ သူကလည်း ကိုယ့်ကို မှတ်မိဟန်တူသည်။  ပြုံးပြသည်။  (ဟိုတုန်းက စတိုင်ဘောင်းဘီနှင့်  ကချင်လွယ်အိတ်ပွပွ  အနီရောင်ကိုလွယ်ကာ  ဦးချစ်ဆိုင်သို့  လာတတ်သောသူ  ဖြစ်ကြောင်း မှတ်မိသည်။)  ကိုယ်ကလည်း    ပြန်ပြုံး ပြရင်း    ‘လာလည်တာလား ဟု   မေးလိုက်မိသည်။ သူကလည်း ရင်းနှီးကျွမ်းဝင်သော မျက်နှာဖြင့်  ‘ဟုတ်ကဲ့၊ ကျွန်တော်      စင်ကာပူကနေ   ခဏပြန်ရောက်တုန်း  ကျောင်းကိုလွမ်းလို့ လာလည်တာတဲ့။

အရင်ကလို    ကျောင်းသား   ကျောင်းသူတွေနှင့်  စည်စည်ကားကားမရှိ၊     ခြောက်ကပ်ကပ်ဖြစ်နေသော ကျောင်းထဲသို့လာလည်သောသူများမှာလည်း တစ်ယောက် တည်း ယောင်လည်လည်။ ကျောင်းကြီးကို အလွမ်းပြေ   လှည့်ပတ်ကြည့်ဦးမည်   ထင်သည်။    သြော် . . . အလွမ်းရယ် မပြေဘူး   ကျောင်းသားဘဝဆိုတာ   အမှန် ပါပဲ …  ဆောင်းဦးလှိုင်ရယ်။  ကိုယ်တွေကတော့  ဆရာမ ဖြစ်နေလည်း  ကျောင်းသားဘဝ  ပျော်စရာနေ့ရက်များကို တမ်းတရင်း နွေကြိုဥသြသံနှင့်အတူ   အတိတ်ဆီ  အလည် ရောက်သွားတတ်သည်။

တောင်ငူဆောင်   အပေါ်ထပ်က  ချပေးလိုက်သည့် လက်ကိုင်ပဝါလေးတွေအကြာင်းကိုလည်း    အမှတ်တရ ရှိနေသည်။     “ကျောင်းသီချင်း   ကျောင်းသတင်းတွေ ကျောင်းဝင်းထဲမှာဆို    x    x    x   ကျောင်းဝင်းထဲမှာဆို  x x x”  ဟူသော သီချင်းစာသားက ခဏခဏ ပါးစပ်ထဲ ရောက်လာသည်။   ညနေပိုင်း  ဂျူတီပြီးလို့ အိမ်ပြန်ချိန်သည်   ဆောင်းနေ့များဖြစ်ပါက    အမှောင်အားကောင်းပြီ၊ ကျောင်းထဲမှာ မီးများထွန်းထားပြီ၊ ရာမညရှေ့ လူဝင် ပေါက်က နှစ်အတော်ကြာပိတ်ထားသဖြင့် မန္တလေးဆောင် ကိုဖြတ်ပြီး အဓိပတိလမ်းမကြီးအပေါက်မှထွက်ကာ  လှည်းတန်းတွင်  ဘတ်စ်ကားသွားစီးရသည်။   ထိုအခါ မန္တလေးဆောင်မှ ကျောပေါက်ကြီးပုံပြင်ကို သတိရပြီး ကျောချမ်းကာ ခြေလှမ်းသွက်သွက်  လှမ်းဖြစ်သည်။  သစ်ကြီးဝါးကြီးများဖြင့်    အုပ်ဆိုင်းနေသော ကျောင်းတော် ကြီး၏ အမှောင်ရိပ်သန်းသောအချိန်များတွင်  အိပ်တန်း ပျောက် ညငှက်တို့၏ အော်သံ၊ ပုစဉ်းရင်ကွဲတို့၏  အော်သံ တို့ကို ကြားရတတ်သည်။ ထိုအခါ နှလုံးသားထဲမှ  လှိုက်၍ ဘယ်သူ့ကို လွမ်းမှန်းမသိသော ဝေဒနာခံစားရတတ်သည်။

တက္ကသိုလ်ဝင်တန်းစစ်ရခါနီးချိန်တွင်    တောင်ငူ ဆောင်ရှေ့ရှိ မဟော်ဂနီပင်ကြီးက  အရွက်တွေ တဖြုတ်ဖြုတ် ကြွေသည်။ နွေလေရူးနောက်သို့ ရွက်ကြွေများက တကောက်ကောက်လိုက်သည်။     တာဝန်ကြီးလှသော စာစစ်ခြင်းအလုပ် လုပ်ရတော့မည်မို့   အမှားအယွင်းမရှိစေဖို့ အားတင်းကာ   ကျန်းမာရေးကို   ဂရုစိုက်ရတော့သည်။ မတ်လ၏  နောက်ဆုံးပတ်များတွင် CODE လုပ်ရန်ပါသော ဆရာ ဆရာမများ မနက်မသိ၊ ညမသိ   CODE   လုပ်ငန်း ဝင်ရတော့သည်။ ခုံနံပါတ်များကို မမြင်ရအောင် ပိတ်ပြီး အဖြေလွှာများကို   ရောသမမွှေကာ  CODE   တစ်ခုကို တစ်ထောင်စီ  ပြန်ထုပ်ကြရသည်။   တစ်ထောင်မပြည့် သော  CODE  များလည်းရှိသည်။ ကော်ကပ်သူ ကပ်၊ တံဆိပ်  တုံးထုသူထု၊  အုပ်ရေ ရေတွက်သူက ရေတွက်ကြရသည်။ တက္ကသိုလ် ဆရာ    ဆရာမများက    ပထမခေါင်းဆောင်၊   ဒုတိယခေါင်းဆောင်နေရာမှာနေရပြီး    အခြေခံ  ဆရာမ  အင်အားကို အားထားရသည်။  ကိုယ့်အဖွဲ့တွင်  အသက် ကြီးသူနှင့်   ကိုယ်ဝန်သည်တို့ပါပါက   ညှာတာရသည်။ ကိုယ်က   ခေါင်းဆောင်ပဲဆိုပြီး   လက်ညှိုးထိုးခိုင်း၍မရ။  ခိုင်းသူအချို့ကိုလည်း  တွေ့ဖူးပါသည်။ သို့သော် ထိုအကျင့် ကို မကြိုက်၍ အတုမယူမိပါ။ ကိုယ်ကတော့ အထုပ်များ ကိုယ်တိုင်ဝင်သယ်သည်။ ပြီးပါက ထို CODE အထုပ်များကို ဌာနရှိရာ တောင်ငူဆောင်သို့ သယ်ဆောင်ခြင်းအလုပ်ကို လုပ်ရသည်။ တပျော်တပါး  တက်ညီလက်ညီ  လုပ်ကြ သည်။

စာစစ်မှူးလုပ်ရမည့်သူက  မိမိအဖွဲ့တွင်  ပါဝင်မည့် စာစစ်သူအရေအတွက်ကိုမှန်း၍ နီ၊ စိမ်း၊ ခရမ်း လုပ်ရမည့် ဇယားကွက်များ  ကြိုဆွဲထားရသည်။ အဖြေလွှာတစ်အုပ်ကို မင်နီကိုင်၍ စစ်သူ၊  မင်စိမ်းကိုင်၍    ပြန်လှန်စစ်ဆေးသူ၊  မင် ခရမ်းရောင်ကိုင်၍  ပြန်စစ်သူ ပြီးမှ စာစစ်မှူးက မင်ပြာ  (သို့မဟုတ်)  မင်နက်ကိုင်၍   ပြန်စစ်ဆေးရသည်။ တစ်ဖွဲ့ လျှင် အုပ်ရေ ၅၀၀၀ နီးပါး စစ်ရသည်။ သူတကာတို့  April  Fool လုပ်ကြသည့် April  ၁   ရက်နေ့မှစ၍   ၁၀  ရက် တိုင်တိုင် အားဆေးသောက်ကာ နေ့မသိ၊ ညမသိ စစ်ကြ ရသည်။ ပါလာသောမုန့်များကို  မျှဝေစားသောက်ကြသည်။ သူဘယ်လောက်ပြီး  ကိုယ်လောက်ပြီး  ပြိုင်ရင်းပျော်ကြ သည်။  တွဲဖက်ပါမောက္ခ ဆရာကြီး ဆရာမကြီးများထံတွင် အမှတ်တိုက်ကြရသည်။  အမှတ်တိုက်ဖို့  ပထမ၊  ဒုတိယ နေရာ သွားဦးကြသည်။  သူငယ်ချင်းအချင်းချင်း   ငြင်းခုံ ရန်ဖြစ်ပြီး  နေရာဦးကြသည့်အဖြစ်ကို   ပြန်စဉ်းစားတော့ ပြုံးမိသည်။ ဆရာကြီး ဦးမျိုးသန့်က ဖီးကြမ်းငှက်ပျောသီး များယူလာပြီး  ကျွေးသည်ကိုမှတ်မိနေသည်။ ဂုဏ်ထူးမှတ် ရသူများလျှင်   ပိုပင်ပန်းသည်။    အထပ်ထပ်   စစ်ရသည်။ ကွန်ပျူတာနှင့် အမှတ်သွင်း၊ ပြန်တိုက် အကြိမ်ကြိမ်လုပ်ရ သည်။ ခိုကပ်လို့မရ၊ အလှည့်ကျလုပ်ကြရသည်။ စာစစ်မှူးချုပ် ဆရာကြီး ဆရာမကြီးတို့က ကျောင်းထဲမှာနေ၍ စောင့်ပေး လျှင် ည ၈ နာရီလောက်အထိ စာစစ်မှူးများ အလုပ်လုပ်ကြ သည်။ ကွန်ပျူတာမှာ အမှတ်သွင်းထားတာရှိပြီး စာအုပ် ရှာမတွေ့သောကြောင့်    ရင်တုန်ပန်းတုန်   ခြေမကိုင်မိ လက်မကိုင်မိ  ဖြစ်ကြရသေးသည်။  ည  မိုးစုပ်စုပ်ချုပ်မှ မျက်မမြင်အဖြေလွှာမှန်း သိလိုက်ရသည်။ အဖြေလွှာမရှိ အမှတ်သာရှိသည့်   မျက်မမြင်အဖြေလွှာကို   သတိထား၊ သတိပေးနေသည့်ကြားက လွတ်သွားခြင်း  ဖြစ်သည်။

DECODE   (ခုံအမှတ်များ   ပြန်ခွာခြင်း)  လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းစသည်တို့   ပြီးသည်အထိ  ပင်ပန်း ကြီးစွာ၊ သတိကြီးစွာ လုပ်ကြရသည်။ Manual Check ဟု  ခေါ်သော အောင်စာရင်းကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ တွင် လုပ်ရသည်။ နာမည်ကြီးသော Hot Centre များကိုမူ  ဘွဲ့နှင်းသဘင်ခန်းမတွင် လုပ်ကြသည်။  Centre  ကြီး  တစ်ခုကို အောင်စာရင်းလုပ်ရင်း  စစ်ရင်း  ည  ၁၁  နာရီမှ အိမ်ပြန်ရသည့်အခါ  ကြုံဖူးသည်။ ကျောင်းကကားဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ပေးသည်။ တစ်ခါက ဘယ်သူ့ အိမ်ကမှ လာမကြိုသောကြောင့်   ပါရမီကားကြီးစီးပြီး အိမ်ပြန်ရဖူးသည်။ တစ်ယောက်ကိုတစ်ယောက် နေရာပေးပြီး ထိုင်စရာနေရာမရှိတော့သောအခါ  ကျွန်မနှင့် ညီမလေး သီတာခိုင်တို့ ဆင်း၊ တက်သည့် ခြေနင်းခုံတွင် ထိုင်၍ လိုက်ဖူးသည်။     မတ်တတ်မရပ်နိုင်တော့။   အဖြေလွှာအထုပ်များ   သွင်းလိုက်၊   ထုတ်လိုက်လုပ်ရ သဖြင့် လက်ဖဝါးတွေ နီရဲ၊ အဖြေလွှာက သံချိတ်တွေရှလို့ လက်တွေပေါက်ပြဲလုပ်ကြရပေမယ့် ကျောင်းတော်ကြီးမှာ ပျော်မွေ့ကြသည်။

ညီမ သီတာခိုင်က “အစ်မရယ် ဒီအချိန်ကြီး ဒီလို စုတ်ပြတ်ပြီးပြန်လာကြတာ ကျွန်မတို့ကို  မဆလာ သယ်တဲ့ အလုပ်သမတွေလို့ ထင်မလားမသိဟု ဆိုသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောမိကြသည်။ အရင်က ယောက်ျားလေး ကျောင်းဆောင်ဖြစ်ခဲ့ဖူးသော တောင်ငူဆောင်တွင် ကျွန်မ အဖေနေခဲ့ဖူးသည်။ အောက်ဆုံးထပ် အိမ်သာသွားသည့် ဘက်ခြမ်း မာလကာပင်လေးနောက်က အခန်းဟု ပြောဖူးသည်။ အခုတော့ ထိုအခန်းက စားသောက်ခန်း ဖြစ်နေပေပြီ။ အမေကတော့  ရတနာသူ၊ ရတနာဆောင် အခန်း (၇၅)မှာ နေခဲ့ကြောင်းပြောပါသည်။ အမေ နေခဲ့ဖူးသော ရတနာဆောင်မှာ မနေဖူးခဲ့သော်လည်း အဖေနေခဲ့သော တောင်ငူဆောင်မှာတော့ မနက်၊ ညနေဖူးသည်။

၂၀၀၅ ခုနှစ် နည်းပြ၊ သရုပ်ပြ အဖြေလွှာတွေကို စစ်ဆေးချိန်သည်   တက္ကသိုလ်ဝင်တန်း   စာစစ်ချိန်နှင့်  တိုက်နေသောကြောင့် ညနေ ၄ နာရီအထိ  ဆယ်တန်းစစ်၊ ၄ နာရီနောက်ပိုင်း   ညမိုးချုပ်အထိ  နည်းပြ၊  သရုပ်ပြ အဖြေလွှာစစ်  လုပ်ကြရသောကြာင့် အိမ်မပြန်တော့ဘဲ အင်းလျားဆောင်တွင်  ညအိပ်ခဲ့ရသည်။   ကျောင်းသူ ဘဝက အင်းလျားအဆောင်သူလေး မဖြစ်သော်လည်း ပါရဂူ(အကြို)  သင်တန်းစာမေးပွဲအတွက် စာလုပ်ရင်း အင်းလျားအဆောင်သူကြီး လုပ်ခဲ့ဖူးသည်။ ခုချိန်  ပြန်တွေးကြည့်တော့ ဆရာမဘဝဖြင့် လုပ်ခဲ့ရသော အလုပ်တာဝန်များစွာတို့သည်   အလွန်ကြီးလေးသော တာဝန်များဖြစ်ပြီး ပင်ပန်းခဲ့သော်လည်း ကြည်နူးပီတိဖြင့် ကျေနပ်ပျော်ရွှင်နေဆဲ  ဖြစ်ပါသည်။ ကျောင်းတော်ကြီးနှင့် ပတ်သက်ဆက်စပ်ပြီး လုပ်နေရသောအလုပ်အတွက်  ဝမ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်ရသည်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ဂုဏ်ကျေးဇူးဖြင့် တက္ကသိုလ် ဆရာမဘဝ အသက်မွေးခွင့်ရသည့်အတွက်လည်း ကျေနပ်ရသည်။ ၁၉၉၅ ရန်ကုန်တက္ကသိုလ် စိန်ရတုတွင်  အလုပ်ဝင်ပြီး    တက္ကသိုလ်ရာပြည့်တွင် လုပ်သက် ၂၅ နှစ် ရွှေရတုတိုင်ခဲ့ပြီ ဖြစ်သည်။ လုပ်သက် ၂၅ နှစ်ထဲတွင်  ၁၀  နှစ်ကျော်  ရန်ကုန်တက္ကသိုလ်တွင် အမှုထမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကြီးသည်  ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို ဆက်လျှောက်နေကြဦးမည့် မျိုးဆက်သစ်ကျောင်းတော်သူ ကျောင်းတော်သားတို့၏ ရင်ငွေ့လှုံရာ ဘူမိနက်သန် ဖြစ်လေသည်။  ။

ရာသက်ပန် (တောင်ငူဆောင်)