Skip to main content

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်) အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၂

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၀ခုနှစ်) အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေး (ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဖေဖေါ်ဝါရီ ၁၄ ရက် က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲ ရေးလုပ်ငန်းများကို (ပဉ္စမအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသူများ က နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ရွှေ့ပြောင်းတောင် ယာမြေ စိုက်ပျိုးခြင်းဆိုင်ရာကိစ္စနှင့်ပတ်သက်သော နည်းဥပဒေ မူကြမ်းအပိုဒ်၊ အပိုဒ်ခွဲများကို အဓိက ထား၍ အ‌သေးစိတ် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)