၁၈၈၅ ခုနှစ် ကုန်ဆုံးသည်နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သည်နှင့် နယ်ချဲ့တို့ကို မြန်မာသူရဲကောင်းများက ဆယ်နှစ်နီးပါး အပြင်းအထန် တွန်းလှန်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၌ပင် နယ်ချဲ့တို့အား တွန်းလှန်မှုများ ကျရှုံးသွားခဲ့သော်လည်း ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေအသင်းများ ပေါ်ပေါက်လာ ကာ အမျိုးသားစိတ်ဓာတ်များ နှိုးဆွပေးခဲ့သည်။ ။
မြန်မာနိုင်ငံကျွန်ဘဝမှ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာ တစ်မျိုးသားလုံး၏ တွန်းလှန်မှုများ၊ လှုပ်ရှားမှုများသည် တစ်တိုင်းပြည်လုံး ကျွန်ဘဝသို့ စတင်ရောက်ရှိပြီးသည့် နေ့မှစ၍ တစိုက်မတ်မတ် ကြိုးပမ်း လာကြရာ လွန်ခဲ့သည့် နှစ်ပေါင်း(၁၀၀) ၁၉၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အခိုင်အမာသန္ဓေတည်ခဲ့သော နှစ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ခြင်းနှင့်အတူ တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ခြင်းနှင့် အမျိုးသားကျောင်းများ တည်ထောင်နိုင်ခြင်းတို့သည် မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့အတွက် အလွန် အကျိုးများစေခဲ့သည်။ ။
ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်သည် မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အလှည့်အပြောင်း များဖြစ်စေသည့် သမိုင်းဝင် သမိုင်းတွင်သော နှစ်ဖြစ်ပါ သည်။ ၁၉၂၀ ပြည့်နှစ်သည် အမျိုးသားပညာရေး လှုပ်ရှားမှုကိုအခြေခံသည့် တစ်မျိုးသားလုံး နိုးကြားလှုပ်ရှား လာသော နှစ်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပြဋ္ဌာန်းလိုက်သည့်ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့်ကျောင်းသားသပိတ်ပေါ်ပေါက်လာသည်။ ကျောင်းသားများလှုပ်ရှားမှုကြောင့် ပြည်သူတစ်ရပ်လုံး၏ မီးခဲပြာဖုံး အမျိုးသားရေး စိတ်ဓာတ်များ တောမီး ပမာပျံ့နှံ့ခဲ့ပြီး တိုင်းရင်းသားပြည်သူများ နိုင်ငံရေးအမြင် နိုးကြားမြင့်မား လာသည်။ နယ်ချဲ့ပြုလုပ်သမျှ ခေါင်းငုံ့မခံတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြန်လည် တုံ့ပြန် လာကြသည်။
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ ခရစ်နှစ်၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ရက်နေ့သည် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ ပထမဆုံး သပိတ်မှောက်ထွက်သောနေ့ဖြစ်သည်။ ဖြစ်ပေါ် လာသော တက္ကသိုလ်ကျောင်းသားသပိတ်သည် ပညာရေးအတွက်မှောက်သော သပိတ်ချည်းမဟုတ်ခဲ့ပေ။ မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှု များကို တွန်းအားပေးသော၊ နိုင်ငံရေး အရှိန်အဟုန်ကို အစပျိုးပေးသော အမျိုးသား ရေးလှုပ်ရှားမှုဖြစ်သည်။ ဤသပိတ်မှောက်ဖြစ်စဉ်ကြီးသည် အမျိုးသား လှုပ်ရှားမှုအစီအစဉ်တွင် ထင်ရှားပြောင်မြောက်သော မှတ်တိုင်ကြီးဖြစ်၍ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ။
ဤအမျိုးသားအောင်ပွဲကြီးမှ နိုင်ငံအတွက်ရရှိခဲ့သော အကျိုး ရလဒ်များကား ကြီးမားလှပါသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို အစပြုနိုင်သကဲ့သို့ နယ်ချဲ့အလိုကျ ပညာသင်ကြားစနစ်ကို ဖျက်ချိုး၍ ရန်ကုန် တက္ကသိုလ်ကြီးသာမက မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ ပေါ်ထွန်းလာသည်။ ရန်ကုန်မြို့ ဗဟန်းရပ်၌ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး နောက်တစ်နှစ် ၁၉၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသားကျောင်း ၈၀ ကျော်နှင့်ကျောင်းသား ကျောင်းသူတစ်သောင်းကျော် ပေါ်ထွက် လာသည်။ ယူနီဗာစီတီ အက်ဥပဒေကို ကျောင်းသားများနှင့်ပြည်သူတစ်ရပ်လုံးပါ ကန့်ကွက် သည့်ကြားမှ အတည်ပြုပြဋ္ဌာန်းခဲ့သဖြင့် ပေါ်ပေါက်လာသော ပညာရေး အောင်ပွဲသည် အမျိုးသားအောင်ပွဲဟူ၍ ဖြစ်လာသည်။ ။
ရန်ကုန်တက္ကသိုလ်နှင့်အတူ ဖြစ်ပေါ်လာသော အမျိုးသားအောင်ပွဲ နေ့သည် ယခုအခါ နှစ်(၁၀၀) ရှိပြီဖြစ်သည်။ ရာစုနှစ်အားဖြင့် တစ်ခုသာရှိသည့် ရန်ကုန်တက္ကသိုလ်နှင့် အမျိုးသား အောင်ပွဲသည် လူ့သက်တမ်းအားဖြင့် တစ်ဆက်သာရှိသေးသဖြင့် သမိုင်းကြောင်းကို ငဲ့စောင်း ကြည့်လျှင် မဝေး ကွာသေးသည်ကိုတွေ့ရမည်ဖြစ်သည်။ နှစ် (၁၀၀) အတွင်း သမိုင်းဝင် လှုပ်ရှားမှု အဖြစ်အပျက်များကို ပုံရိပ်အသွင် မြင်တွေ့လျက်ရှိသည်။ ရန်ကုန်တက္ကသိုလ် သည်လည်းကောင်း၊ အမျိုးသားအောင်ပွဲအထိမ်းအမှတ်များသည် လည်းကောင်း မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားအားမာန်များဖြစ်၍ မမေ့ ပျောက်ဖို့လိုပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့်မြန်မာတစ်မျိုးသားလုံး အနာဂတ်ကောင်းစား ရေးအတွက် ကြိုးပမ်း အားထုတ်ခဲ့သော ပညာရေးလှုပ်ရှားမှုနှင့်အမျိုးသား ရေးလှုပ်ရှားမှု အောင်မြင်မှုသမိုင်း မှတ်တိုင်များသည် ယခုအခါ နှစ်(၁၀၀) ရှိလာပြီဖြစ်၍ နှစ်(၁၀၀)ပြည့် အမျိုးသား ပညာရေး ၏အမြုတေ ရန်ကုန် တက္ကသိုလ်နှင့် တစ်မျိုးသားလုံး နိုးကြားထက်သန်စေသည့် အမျိုးသား
အောင်ပွဲနေ့ကို အထူးဂုဏ်ပြုရမည်ဖြစ်သည်။ ထိုသမိုင်းဝင် သမိုင်းတွင် သည့် သမိုင်းမှတ်တိုင် များမှ အမျိုးသားအမွေအနှစ်များကို လက်ဆင့်ကမ်း လွှဲပြောင်းယူ၍ မိမိနိုင်ငံ၊ မိမိလူမျိုး အကျိုးစီးပွားတိုးပွားရေးကို ဆတက် ထမ်းပိုး ဆက်လက်ဆောင်ကြဉ်းပေးကြရမည်ဖြစ်ပါသည်။ ။