နေပြည်တော် ဒီဇင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက် စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့် စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့အား ၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
ထိုနည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေ ခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေး ဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာရာ ဝတ္ထုရှည်ဆုတွင် မိုးကျော်ဇင် ရေးသားသည့် ငါးဖမ်း သမားစာအုပ်(ကံ့ကော်ဝတ်ရည် စာပေ)၊ ဝတ္ထုတိုဆုတွင် နတ်မောက်အနီချိုရေးသားသည့် လမ်းဆုံး တော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ် (လင်းလွန်းခင်စာပေတိုက်)၊ ကဗျာဆုတွင် ပန်ဒိုရာ ရေးသားသည့် ခရုပစ်လောင်ချာ စာအုပ်(နှစ်ကာလများ စာပေ)၊ စာပဒေသာဆုတွင် ဉာဏ်ဝေ(မြစ်သာမြေ) ရေးသားသည့် နှင်းတောင်တန်းက ပန်းဥယျာဉ်စာအုပ် (ဆိပ်ကမ်းသာစာပေ)၊ ဘာသာပြန်(သုတ)ဆုတွင် ဘိုးလှိုင် ဘာသာပြန် ဆိုသည့် ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ် (နှင်းဆီဖြူ စာပေ)၊ ဘာသာပြန်(ရသ)ဆုတွင် စိန်ဝင်းစိန် ဘာသာပြန်ဆိုသည့် ဝါဆောကရုပ်သေး ဆရာလေး စာအုပ် (လင်းလွန်းခင်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ဒေါက်တာဇော်နိုင်ရေးသား သည့် ၂၀ ရာစုမြန်မာကဗျာများ ပြောင်းလဲဖြစ် တည်လာပုံ စာအုပ် (မိုးသောက်ပန်းစာအုပ်တိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ စာအုပ် (ရှင်မတောင်စာပေ)၊ နိုင်ငံရေးစာပေ ဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် မြန်မာ့ နိုင်ငံခြားဆက်ဆံရေးများစာအုပ် (Quality Publishing House)၊ ရသစာတမ်း(အက်ဆေး)ဆုတွင် မောင်ခိုင်လတ် ရေးသားသည့် ဘုရားသခင်နဲ့ ကြွေအန်ကစားသူများ အက်ဆေးစုစည်းမှု စာအုပ်(ဝန်ချတောင် စာပေ) တို့ကို ရွေးချယ်ကြောင်း သိရသည်။
အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ် ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံ ရှိသူများ ပါဝင်သောပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမ အဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့် သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ် ထောက်ပံ့ မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေး ရာဇဝင် အကျဉ်းချုပ် နှင့် တကွ(ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။
အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်