Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်နှင့် လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ညီရန်းတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့တွေ့ဆုံဆွေးနွေးပွဲသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် ပန်ဆန်းမြို့တွေ့ဆုံဆွေးနွေးပွဲမှဆွေးနွေးခဲ့သည့် ဒေသဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဆက်လက်တင်ပြပေးခဲ့ကြောင်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခင်းအကျင်းများ ရရှိလာရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးပေးစေလိုကြောင်းနှင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

အမြဲလိုက်နာ ကျင့်သုံးလျက်ရှိ

ထို့နောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခြင်းကို ထပ်လောင်းဂုဏ်ပြုအပ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေးဟူသောအခြေခံမူကို တစိုက်မတ်မတ်စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်းအခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သည် နိုင်ငံတော်အစိုးရက ‌ရှေ့ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သဘောထားကွဲလွဲမှုများကိုဖြေရှင်းနိုင်ရန် အမြဲလိုက်နာကျင့်သုံးလျက်ရှိကြောင်းနှင့် ပြည်သူလူထု၏လုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ်ခိုင်မာစေကာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု စသည့် အမျိုးမျိုးသော ပြစ်မှုဆိုင်ရာများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ နိုင်ငံရေးလိုလားချက်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က နိုင်ငံတော်အစိုးရ ရှေ့ဆက်လက် ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို အပြန်အလှန်ဆွေးနွေးကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က ပန်ဆန်းမြို့၌ NSPNC ဥက္ကဋ္ဌအဖွဲ့နှင့် UWSP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အကြား အဆင့်မြင့်တိုက်ရိုက်ဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ခဲ့ပြီး နေပြည်တော်သို့ရောက်ရှိ ဆွေးနွေးနိုင်မှုအဆင့်ထိရောက်ရှိစေခဲ့ကြောင်း၊ NSPNC နှင့် UWSP အကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထားရှိခြင်းဖြင့် ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အကောင်အထည်ဖော်မှုအပေါ် ပိုမိုအထောက်အကူဖြစ်စေပြီး ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိစေနိုင်မည်ဖြစ်ကြောင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံပြီး လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးတို့ကိုဆွေးနွေးပြီး ဆွေးနွေးပွဲပထမနေ့ကို ရပ်နားလိုက်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်