နေပြည်တော် ဩဂုတ် ၃
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ပြီး ဘာသာရပ် (၁၉) မျိုးကို လက်တွေ့လျှပ်စစ်လုပ်ငန်းခွင်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာနှင့် စစ်ဆေးရေးလုပ်ငန်းများ၌ အတွေ့အကြုံရှိသည့် လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးရေးဝန်ထမ်းများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ကျင်းပသည့် လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှာစကားပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုသင်တန်းတွင် ဆိုလာဓာတ်အားပေးစနစ်နှင့်ပတ်သက်၍ ဗဟုသုတများ၊ နည်းပညာများကိုအခြေခံအားဖြင့် သိရှိနိုင်အောင် ခေါင်းစဉ်တစ်ခုထည့်သွင်း၍ သင်ကြားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် စက်မှုကုန် ထုတ်လုပ်ငန်းများ၊ MSME များအားလုံး ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ထိုသို့ ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်နိုင်ရန် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရေး၊ စနစ်တကျ လက်တွေ့ကိုင်တွယ် တပ်ဆင်နိုင်ရေးနှင့် ပြင်ဆင်နိုင်ရေးတို့အတွက် အဆင့်မီမီတတ်ကျွမ်းသော လျှပ်စစ်ကျွမ်းကျင်သူများ ပေါ်ထွက်လာရေးသည်လည်း အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်နည်းဥပဒေများ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လာစေရန်၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပိုမိုကျွမ်းကျင်စွာနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၈၅ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဩဂုတ် ၃ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
