Skip to main content

တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာပါက ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၃

တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို ပြည်တွင်းပြည်ပ အလုပ်အကိုင်များရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများအား အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၌ကျင်းပသည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

ထို့ပြင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့အလုပ်သမားစေလွှတ်ခြင်းများကို ပိုမိုမြန်ဆန်စေရေးအတွက် မလိုအပ်သည့်လုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊ ပိုမိုကောင်းမွန်သည့် ပြည်ပလုပ်သား ဈေးကွက်ရရှိစေခြင်းနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ပိုမိုရရှိစေခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌လည်း လုပ်သားအင်အားဆုံးရှုံးမှုမရှိစေရေးကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ကော်မတီက ချမှတ်ပေးထားသောလုပ်ငန်းစဉ်များအောင်မြင်အောင် ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အကြံပြုချက်များရှိပါက အသိပေးတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း တည်ခင်းဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်သည့် ရည်ရွယ်ချက်၊ စည်းကြပ်သည့်ဥပဒေနှင့် အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှုနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးတွင် ဆွေးနွေးမည့် အမှာစာအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်