နေပြည်တော် ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို မျိုးဆက်သစ်များသိရှိနားလည်ပြီး တန်ဖိုးထားထိန်းသိမ်းရန်၊ ခေတ်အလိုက် သမိုင်းမှတ်တမ်းတင်ထားမှုများကို ခိုင်ခိုင်မာမာပြသသွားနိုင်ရန်၊ မြန်မာတို့၏ ဘုန်းတန်ခိုးကြီးမားခဲ့သည့် သမိုင်းဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ အခြေခံပညာရေးသမိုင်းကို ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့ပြောကြားသည်။
ထိုသို့ ပြုစုဆောင်ရွက်သွားနိုင်ရန်အတွက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ မြန်မာ့အခြေခံပညာရေးသမိုင်း ပြုစုရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ပညာရေးသမိုင်းနှင့်ပတ်သက်၍ ပဒေသရာဇ်ခေတ် ပညာရေးစနစ်အခြေအနေ၊ ကိုလိုနီခေတ်ပညာရေးစနစ်၏ ပြောင်းလဲမှုများနှင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ပညာရေးအခြေအနေကို ရေးသားပြုစုနိုင်ရန် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သမိုင်းပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ သမိုင်းဘာသာရပ် ဆရာကြီး၊ ဆရာမကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
