တွန်းဇံ သြဂုတ် ၃
တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက တယ်လီဖုန်းလိုင်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးတင်ပြကြရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက တယ်လီဖုန်းလိုင်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးအနေဖြင့် တွန်းဇံမြို့တွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည ၇ နာရီမှ ၉ နာရီခွဲအထိ အချိန်ပိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်မီးဖြန့်ဖြူးချိန် တိုးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ယာယီနေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကိုပေးအပ်ရာ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက လက်ခံရယူကြသည်။
အလားတူ ဒုတိယဝန်ကြီးသည် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ မြန်မာ့စီးပွားရေးဘဏ် (တွန်းဇံဘဏ်ခွဲ) ကို ဖွင့်လှစ်ပေးပြီးဘဏ်အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် e-pension ထုတ်ပေးရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
