ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်လွှဲပြောင်းယူခဲ့သည်မှာ ယခုအခါ ရက်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကာလသည် နိုင်ငံတော်အစိုးရအဖွဲ့အတွက်သာမက နိုင်ငံတော်အတွက်ပါ အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့သည့်ကာလဖြစ်သည်။ အစိုးရအနေဖြင့် အချိန်တိုကာလအတွင်း နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့သည်။
ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် နိုင်ငံတော်အစိုးရအဖွဲ့အပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှုကို အလေးထားသောအားဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေးလုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အစိုးရက ရက်ပေါင်း (၁၀၀) ပြည့်မြောက်ပြီးသည်အထိ ဆောင်ရွက်ခဲ့မှုများနှင့် ပြောင်းလဲတိုးတက်မှုများကို နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် မိဘပြည်သူများအား အသိပေးတင်ပြခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်အတွက် အရေးအကြီးဆုံးဖြစ်သည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်မှုများကို ပြည်သူလူထုအား အသိပေးချပြခဲ့သည်။
“ယနေ့အချိန်အခါတွင် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံသစ်ကို အတူတကွတည်ဆောက်ကြရန်လိုပြီး နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် ငြိမ်းချမ်းရေးကို တည်ဆောက်သည့်နေရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နှင့်ကိုက်ညီသည့် ဖြစ်သင့်၊ ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန်လိုအပ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရမှာပင် တာဝန်ရှိသည် မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်စသည့် အင်စတီကျူးရှင်းအားလုံးတွင် တာဝန်ရှိသည့်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့်နေရာတွင် အားလုံးတတ်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်ပေးကြရန်” နိုင်ငံတော်သမ္မတက အလေးအနက်ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် နိုင်ငံတော်တာဝန် စတင်တာဝန်ယူဆောင်ရွက်ချိန်မှစ၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး”နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့်ဖော်ဆောင်ခဲ့သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်သို့ ရောက်နေကြသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာစေရန်နှင့် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်အတွက် ရက်ပေါင်း (၁၀၀) အတွင်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးကိုလည်း ထာဝရဖွင့်လှစ်ဖိတ်ခေါ်ခဲ့သည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ ကြုံတွေ့နေရသည့် သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ အေးချမ်းစွာအဖြေရှာကြရန် အရေးကြီးသည်။ နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲဖိတ်ခေါ်လျက်ရှိရာ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ EAOs အမည်ခံ လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် အဓိကဝင်ငွေရသည့်လုပ်ငန်းသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြစ်နေပြီး ယင်းကိုလက်မလွှတ်ဘဲ ယခုအချိန်အထိ ဆက်လက်ထုတ်လုပ်ရောင်းချလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ထိရောက်စွာ သတင်းထုတ်ဖော်ပြီး နှိမ်နင်းသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး”နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ မည်မျှကြီးမားနေသည်ဖြစ်စေ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူနှင့်အစိုးရသည် မဆုတ်မနစ်သည့် ဇွဲလုံ့လများနှင့် လက်တွဲညီညီဆောင်ရွက်မည်ဆိုပါက အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပုံဖော်နိုင်မည်ဖြစ်ပါကြောင်း။ ။
