ရန်ကုန် ဇူလိုင် ၂၅
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးလုပ်ငန်းများအပြင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် MYAN-WEN ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီး ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောကြားသည်။
ထို့နောက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဗီဒီယိုဖြင့် အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်တို့က အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာကိုလည်းကောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၌ ဝိသာခါဖောင်ဒေးရှင်းမှ အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာတည်ဆောက်မည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အမျိုးသားဇာတ်ရုံ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းက ကျင်းပသည့် “ရောင်စုံဝေဖြာ ပန်းရောင်ကမ္ဘာ” ရန်ပုံငွေဖျော်ဖြေပွဲသို့ တက်ရောက်အားပေး၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် အဓိကကူညီပံ့ပိုးပေးသော အလှူရှင်နှင့် ဝိုင်းဝန်းကူညီခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
သတင်းစဉ်
