Skip to main content

တရားမဝင်ကုန်သွယ်ကူးသန်းမှုကို တရားဝင်ကုန်သွယ်မှုဖြင့် တိုက်ဖျက်

အခြေခံစားကုန်၊ လူသုံးကုန်များသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၌ အရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသည် နိုင်ငံအတွင်း၌ နေ့စဉ်နှင့်အမျှ ပြည်သူလူထုလိုအပ်ချက်အဖြစ်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ အများအပြားရှိနေသည်။ သို့ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်များသို့ တင်ပို့ရောင်းချကြရမည်ဖြစ်သည်။ သို့သော် အချို့သော လမ်းကြောင်းများနှင့် ဝေးလံသောဒေသများ၌ လုံခြုံရေးအကန့်အသတ်များကြောင့် အပြည့်အဝတင်ပို့၊ တင်သွင်းနိုင်ခြင်းမရှိသေးပေ။ အဆိုပါအချက်သည် ဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည်။

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်ခြင်းမှာ ကုန်စည်စီးဆင်းမှုမမှန်ကန်ခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းတို့ ကြောင့်ဖြစ်သည်။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် ကုန်ပစ္စည်းများရှားပါးခြင်း၊ ငွေကြေးတန်ဖိုးပြောင်းလဲခြင်း အကျိုးဆက်တို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားရေးတို့ကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။ တရားဝင်ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ရရှိလာသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်သည်။ နိုင်ငံ့ဝင်ငွေနှင့် ထွက်ငွေမျှတနေမှသာ နိုင်ငံ့စီးပွားခိုင်မာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများနှင့်စီမံချက်များ ချမှတ်ရာတွင် အခြေခံကိန်းဂဏန်းအချက်အလက်များသည် အဓိကကျသည့် အချက်ဖြစ်သည်။ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြသည့် ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်နှင့်ကိုက်ညီမှုရှိရန်နှင့် မှန်ကန်တိကျမှုဖြစ်စေရန်လိုအပ်သည်။ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရားဝင်ကုန်သွယ်မှုများဖြစ်ရန်လိုပြီး စနစ်တကျစစ်ဆေးကြပ်မတ်သွားရန်လိုသည်။ စနစ်တကျ စစ်ဆေးကြပ်မတ်ရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှုကို အဟန့်အတားမဖြစ်စေရန်လိုသည်။ တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုပင်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ကုန်ပစ္စည်းများကို မှောင်ခိုတင်သွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် နိုင်ငံအတွက် ထိုက်သင့်သည့် အခွန်အခများ ဆုံးရှုံးနစ်နာခဲ့သည်။

ထို့အပြင် အရည်အသွေးပြည့်မီခြင်းမရှိသည့် သက်တမ်းလွန် ကုန်ပစ္စည်းများကို အများပြည်သူများ သုံးစွဲနေရခြင်းကြောင့် ကျန်းမာရေးနှင့် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသည်။ သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ တရားမဝင်ကုန်ပစ္စည်းများကို တရားမဝင်ရရှိသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှု ပြုလုပ်နေခြင်းကို နိုင်ငံတော်အနေဖြင့် မည်သို့မျှလက်ခံမည်မဟုတ်ပေ။ ဝိသမလောဘသားများ၏ စီးပွားရေးအရ ဈေးကွက်ကစားနေခြင်းအပေါ် နိုင်ငံတော်အနေဖြင့် ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံ့အကျိုးစီးပွားကို အလေးထားကာ မှန်မှန်ကန်ကန် တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုကို တရားဝင်ကုန်သွယ်ရေးဖြင့် ဝိုင်းဝန်းလက်တွဲတိုက်ဖျက်ကြရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက ဇူလိုင်လ ၇ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် “ဝိသမလောဘသမားများ၏ စီးပွားရေးအရ ဈေးကွက်ကစားနေမှုများကို မိမိတို့အနေဖြင့် တရားဝင်ကုန်သွယ်မှုဖြင့် တိုက်ဖျက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပို့ကုန်တိုးမြှင့်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာအောင် အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာအရလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း” အသိပေးပြောကြားထားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသဖြင့် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် ကုန်ပစ္စည်းများ မှန်မှန်ကန်ကန်လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် တရားဝင်ပြည်တွင်းထုတ်ကုန်များ တိုးတက်များပြားလာရေးအတွက် နိုင်ငံ့အကျိုးစီးပွားကို အလေးထားပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ အထိုက်အလျောက် လျော့ကျလာရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တည်ငြိမ်ချောမွေ့အဆင်ပြေစေရေးတို့ကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။