နေပြည်တော် ဇူလိုင် ၇
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကော်မတီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ဒုတိယဝန်ကြီးနှင့်အဖွဲ့က မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသောကြောင့် ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါက အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့များတွင် ဦးစီးဌာနရုံးပေါင်း ၁၁၀ ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အရာထမ်း၊ အမှုထမ်း ၃၄၄၃ ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အခြေခံပညာကျောင်း ၂၇၉ ကျောင်း ဖွင့်လှစ်နိုင်ပြီး ဆရာ ဆရာမ ၁၂၃၄ ဦးဖြင့် ကျောင်းသား ကျောင်းသူ ၁၇၆၅၁ ဦးအား ပညာသင်ကြားပေးနေပြီဖြစ်သကဲ့သို့ ပြည်သူ့ဆေးရုံများဖွင့်လှစ်ပြီး ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၂၇၈ ဦးဖြင့် လူနာပေါင်း ၁၃၀၉၈ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်များလည်း ပုံမှန်လည်ပတ်လျက်ရှိကြောင်း၊ စည်ပင်သာယာစျေးများနှင့် အိမ်ဆိုင်များလည်း ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး သောက်သုံးရေအတွက် ရေထွက်ပင်ရင်းများမှ သွယ်ယူပြီး ဖြန့်ဝေပေးလျက်ရှိကာ တီးတိန်မြို့အား အသေးစားရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ရှိ ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် တီးတိန်မြို့နယ်တွင် MEC, MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ပြီး တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖလမ်းမြို့နယ်တွင် MEC တယ်လီဖုန်းလိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် သွားလာရေးအဆင်ပြေနိုင်မည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကလေး - ဖလမ်း - ဟားခါးလမ်း၊ သိုင်းငင်း - တီးတိန်လမ်း လမ်းပိုင်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
