နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရန်လိုကြောင်း ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
“ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက် ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများ ရရှိပြီး ထိုမှတစ်ဆင့် ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း” နှင့် “ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေးဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း” တို့ကို နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပြည်ပပို့ကုန်များ တိုးတက်စေရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy-NES) ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၃၀ ကာလအတွက် ဦးစားပေးကဏ္ဍများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်း၍ အကောင်အထည်ဖော်ရန် ဆွေးနွေးလျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ အဓိက ဦးစားပေးကဏ္ဍများမှာ ဆန်စပါးနှင့် လယ်ယာထွက်ကုန်ကဏ္ဍ (ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ)၊ ရော်ဘာလုပ်ငန်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (CMP အထည်ချုပ်လုပ်ငန်းများ)၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍများ၊ ဝန်ဆောင်မှုနှင့် နည်းပညာကဏ္ဍများဖြစ်သည့် ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်ထုတ်ကုန်ကဏ္ဍ၊ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး (Logistic Service) ဝန်ဆောင်မှုတို့ပါဝင်ပြီး အထောက်အကူပြုကဏ္ဍများတွင် အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍတို့ ပါဝင်သည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ၏ အဓိက ဦးစားပေးကဏ္ဍများအရ ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အရေအတွက်အရ ပိုမိုများပြားစွာ ထုတ်လုပ်နိုင်ရန်လိုအပ်သကဲ့သို့ အရည်အသွေးအရလည်း ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရန် တီထွင်ဆန်းသစ်မှု၊ နည်းပညာမြှင့်တင်မှုတို့လည်း လိုအပ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းသီးနှံများ စသည်တို့ကို ကုန်ကြမ်းအဖြစ်တင်ပို့မည့် အစားတန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန်အတွက်လည်း ကြိုးပမ်းကြရန်လိုသည်။ ပို့ကုန်များ ပိုမိုထုတ်လုပ်တင်ပို့မှုကို ရေရှည်တည်တံ့ခိုင်မာစွာ ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ စီးပွားရေးလည်း မှန်မှန်တိုးတက်လာမည်ဖြစ်သည့်အလျောက် ကဏ္ဍအသီးသီးတွင် ပါဝင်နေကြသူတိုင်းက တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။
ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ထုတ်လုပ်တင်ပို့ရေးတွင် ဈေးကွက်အခြေအနေပေါ် မူတည်၍ ပြည်ပမှ ကုန်ကြမ်းသို့မဟုတ် တစ်ပိုင်းကုန်ချော (semi-finished goods) တို့ကို တင်သွင်းပြီး ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့ခြင်း၊ တစ်ဆင့်ခံပြည်ပတင်ပို့ခြင်း (re-export) တို့ကို ပြည်ပပို့ကုန်ကဏ္ဍတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့်လည်း နိုင်ငံအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေမည်ဖြစ်သည်။
လက်ရှိမိမိတို့ ပြည်တွင်း၌ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် လိုအပ်ချက်မှာ ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားရေးပင်ဖြစ်ရာ ကဏ္ဍအသီးသီးတွင် ထုတ်လုပ်မှုများ ပိုမိုတိုးတက်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
