နေပြည်တော် မေ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိတည်းခိုခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ (ခ) ဖြူစင်နှင့် မဇွန်ဇင်ဦး (ခ) မိုင်လီတို့ ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာလာအား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မေလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာ၊ ရေတံခွန်တောင်ရပ်တွင် မနီလာခိုင် (ခ) လွယ်နူး (ခ) ဘောပြားအား စိတ်ကြွဆေးပြား ၂၄,၀၀၀ ပြား၊ NISSAN TIIDA မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီအချိန် စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ အောင်ရဲကျော် (ခ) မြင့်ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်ရှိ မအားဖန် (ခ) ဆိုင်ဘန်း၏နေအိမ်၌ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်းအား လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ၎င်းငှားရမ်းထားသည့်နေအိမ်တွင် သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၀၆ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုး ငွေကျပ် ၃ ဒသမ ၁၆၂၅၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၀၂၇၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အားယုံ (ဖမ်းဆီးရန်ကျန်)မှ မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချရန် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
