Skip to main content

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ

နေပြည်တော် မေ ၄

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းမရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း လိုအပ်သည့်စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကိုလုပ်ဆောင်စဉ် မိုင်းပန်မြို့၏မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အလျား ၂၅၀ ပေ အနံ ၃၀ ပေရှိ (သွပ်မိုး၊ သွပ်ကာ) အလုပ်ရုံ ၃ ရုံ၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၈ လုံး၊ All In One ၁ လုံး၊ Laptop ၁၂ လုံး၊ Starlink ၄ လုံး၊ ပါဝါစတေရှင် (အကြီး) ၃ လုံး၊ ပါဝါစတေရှင် (အသေး) ၁ လုံး၊ 200 KV မီးစက် (အကြီး) ၁ လုံး၊ 150 KV မီးစက် (အကြီး) ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှာဖွေဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ မွန်းလွဲပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ “ဝ” လူမျိုး အမျိုးသား ၁ ဦး၊ ရှမ်းလူမျိုး အမျိုးသမီး ၂ ဦး၊ လားဟူလူမျိုး အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ညနေပိုင်း၌ ၎င်းနေရာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀၀ ခန့်အကွာတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။