Skip to main content

တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်ပွဲကျင်းပ

နေပြည်တော် မေ ၃

၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ငွေခရုသင်း၊ အိုးစည်ဗုံမောင်းတို့ဖြင့် တီးမှုတ်ခဲ့ပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆင်တော်မင်္ဂလာပေါ်သို့ ပင့်ဆောင်သည်။

ဆက်လက်၍ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ နန်းတော်ဦးလောကမာရဇိန်စေတီတော်မြတ်ကြီးသို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ဆင်တော်ဖြင့် ပင့်ဆောင်ရာတွင် လမ်းတလျောက်၌ ဖူးမြှော်ကြည်ညိုသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိသည်။