နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉)သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျသဖြင့် သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်မှ နိုင်ငံတော်အတွက် အကျိုးပြုမည့် ပညာရှင်များ မွေးထုတ်ပြီး တိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် ကောင်းမွန် ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်း ဆောင်ရွက်သွားကြရန်၊ သစ်တောကဏ္ဍအနေဖြင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရေရှည်ထုတ်ယူသုံးစွဲနိုင်အောင် စနစ်တကျထုတ်လုပ်ရေး၊ သစ်နှင့် သစ်အချောထည်များ တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်သလို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)ကိုလည်း လက်တွဲခေါ်ယူသွားကြရန်၊ ဝါးမှချည်မျှင်ထုတ်ယူနိုင်ရေး ဆောင်ရွက်မှုများတွင်လည်း လိုအပ်သည့်နေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်သဖြင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော Fire Hotspot လျှော့ချရေးလုပ်ငန်းအား ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ သယံဇာတများနှင့် ကောင်းမွန်သောသဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို လက်ရှိနှင့်အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျစီမံ အုပ်ချုပ်အသုံးချနိုင်မည့်စနစ်များ ချမှတ်ဆောင်ရွက်သွားရန်နှင့် ပထမရက်(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများအပြင် မူလရည်မှန်းချက်တာဝန်များအပေါ် ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့် အသိပညာရှင်၊ အတတ် ပညာရှင်ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတများနှင့်ပေါင်းစပ်၍ နိုင်ငံတော်နှင့် ပြည်သူ လူထုအပေါ်တွင် စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
