Skip to main content

အကြိမ်နှစ်ရာကျော် သတိပေးစကား

ပြည်သူလူထုကို အသိပေးရန်လိုအပ်သည့် အချို့သော သတင်း စကားတို့ကို အကြိမ်နှစ်ရာ သို့မဟုတ် အကြိမ်နှစ်ရာမက ပြောမည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောလေ့ရှိ၏။ လူထုကို စွဲမှတ်သွား စေချင်သည့်၊ ရင်ထဲစွဲကာ နားလည်သွားစေလိုသည့် သတင်းစကား တို့ကို ပြောပြီးဖြစ်သည့်တိုင် အထပ်ထပ်ပြောလိုသည်ဟု ဆိုလိုပါ သည်။ ထိုသတင်းစကားကို လေးနက်စေချင်သည့်သဘော။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပါ။ လူစုလူဝေးကိုရှောင်ပါ။ လူချင်း အနည်းဆုံး ခြောက်ပေခွာ၍ ပြောဆိုဆက်ဆံပါ။ မဖြစ်မနေ အိမ်ပြင် ထွက်ရမည်ဆိုလျှင် မျက်နှာဖုံး၊ နှာခေါင်းစည်းတို့ကို တပ်ဆင်ပါ။ တစ်စုံတစ်ခုကို ကိုင်မိပြီးတိုင်း ရေ၊ ဆပ်ပြာတို့ကိုသုံး၍ လက်ကို စနစ်တကျ စက္ကန့်နှစ်ဆယ်ကြာဆေးပါ။ မကြာခဏ လက်ဆေးပါ။ သို့မဟုတ်ဓာတုလက်ဆေးရည်ကို အသုံးပြု၍ လက်ဆေးပါ။ အပြင်က ပြန်လာလျှင် တစ်ခါသုံး နှာခေါင်းစည်းဆိုပါက စနစ်တကျစွန့်ပစ်ပါ။ ပြန်လည်အသုံးပြုရမည့် နှာခေါင်းစည်းဆိုလျှင် ချက်ချင်း ဆပ်ပြာရည် စိမ်ကာ လျှော်ဖွပ်ပါ။ အပြင်သွားအဝတ်အစားများကို အိမ်ပြန် ရောက်သည်နှင့် ဆပ်ပြာရေဖြင့် စိမ်ထားပါ။ သို့မဟုတ် လျှော်ဖွပ်ပါ။

အခါအားလျော်စွာ ထုတ်ပြန်သော ကျန်းမာရေးနှင့် ပတ်သက် သည့် စည်းကမ်းစည်းမျဉ်း ဥပဒေများကို နားထောင်ပါ၊ လိုက်နာပါ။ ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာနာဖြစ်၏။ စိတ်ရှည်ရှည်ထားကာ သတိကြီးစွာ ကျော်ဖြတ်အောင်မြင်ရန် ကြိုးစားကြရမည် ဖြစ်ပါသည်။

ဤသည်တို့ကား အမှန်တကယ်အရေးကြီးသည့် ပြည်သူတို့ နားထောင်ကြ၊ လိုက်နာကျင့်သုံးကြရန်လိုအပ်သော သတင်းစကား ဖြစ်သည့်အတွက် အကြိမ်ကြိမ် အထပ်ထပ် ထုတ်ပြန်နေရခြင်း ဖြစ်ပါသည်။

ယနေ့အထိ ကိုဗစ်ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုက ကမ္ဘာတစ်လွှားတွင် အရှိန်တစ်ခုဖြင့် သွားနေဆဲဖြစ်၏။ ကာကွယ်ဆေးရှာဖွေစမ်းသပ် ဖော်ထုတ်နိုင်ပြီဆိုသော်လည်း အပြီးသတ်ခွင့်ပြုချက်ကို စောင့်နေဆဲ ဖြစ်၏။ ခွင့်ပြုချက်ရ၍ကာကွယ်ဆေးထိုးနှံကြမည် ဆိုလျှင်ပင် လိုအပ် သည့် လူအရေအတွက်ကို ထိုးနိုင်ဖို့ အချိန်ကာလတစ်ခုကို စောင့်ရ ဦးမည်။

ထို့ကြောင့် ပြည်သူတို့သည် ဗိုင်းရပ်စ်ပိုးပြန့်ပွားမှု အနည်းဆုံး ဖြစ်အောင် ကာကွယ်ကြရန် ကြိုးစားလုပ်ဆောင်ခြင်းက ခုနေခါ၌ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။ ။

ယခုအချိန်သည် မိုးအကုန်ဆောင်းအကူးကာလဟု ဆိုရပါမည်။ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန် ဖြစ်သည့်အတွက် ကိုဗစ် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အားပေးသည့်သဘာဝ ရှိနေ ၏။ ပုံမှန်အားဖြင့်ဆိုလျှင် အများပြည်သူ ကျောင်းပိတ် ရက်ရှည် ရုံးသမားများ ဝန်ထမ်းများအတွက် ရုံးပိတ်ရက်ရှည် ဖြစ်ပါသည်။ ခရီးသွားကာလဟု ဆိုရမည့်အချိန်ဖြစ်၏။

ပိတ်ရက်ရှည်၊ ခရီးသွားချိန်ဖြစ်သည့်အတွက် ရောဂါပိုးကူးစက် ပြန့်ပွားမှု များပြားလာမည်ကို စိုးရိမ်ရပါသည်။ ထို့ကြောင့်လည်း ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားနိုင်သော အန္တရာယ်ရှိသည့် အခြေအနေ ဟု သတ်မှတ်ကာ ကန့်သတ်မှုများဖြင့် ထိန်းချုပ်ရန် ကြိုးစားနေကြ ရခြင်းဖြစ်ပါသည်။

ထိုမှတစ်ပါး၊ လွန်ခဲ့သော နိုဝင်ဘာရွေးကောက်ပွဲအကြိုကာလ နှင့် ရွေးကောက်ပွဲအောင်မြင်မှုကို အကြောင်းပြု၍ လူစုလူဝေးများ ရှိခဲ့ခြင်းက ရောဂါပိုးကူးစက်ပြန့်ပွားမှု တိုးမြင့်လာမည်လားဟူသည် ကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းများ ပြုလုပ်ရန် လည်း ပြင်ဆင်စီမံနေရပါ၏။

အခြေအနေအရပ်ရပ်ကို ထောက်ချင့်၍ နိုင်ငံတွင်း ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထုအများ မလိုအပ်ဘဲ ခရီးသွားလာမှုမပြုလုပ်ရန်၊ လူစုလူဝေးများ မပြုလုပ် ရန်နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက် ကြရန်လိုပါသည်။ ထို့ပြင်တစ်ဝ၊ ပြည်သူတို့ အတတ်နိုင်ဆုံး အိမ်တွင်း တွင်သာ နေထိုင်ကြကာ ဗိုင်းရပ်စ်ပိုးကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာကြရန် ထပ်မံနှိုး ဆော်လိုက်ရပါကြောင်း။ ။