Skip to main content

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ဝါးဒူးကျေးရွာ မိုးပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်

ကန်ကြီးထောင့် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာ၊ ကွင်းအမှတ် (၁၅၃-စီ)၊ ဦးပိုင်အမှတ် (၂၈/၆) တောင်သူ ဦးနေစိုး၏ လယ်မြေတွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက် ကြည့်ရှု အားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ မိမိတာဝန်စတင်ထမ်းဆောင်ချိန်မှစပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်း သီးနှံများထုတ်လုပ်မှသာလျှင် ဈေးကွက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် PH နိမ့်သော လယ်မြေများတွင် ထုံးထည့်ခြင်း၊ သစ်စိမ်းမြေဩဇာ အတွက် ပိုက်ဆံလျှော်များ၊ မတ်ပဲများကို အသုံးပြုခြင်း၊ စပါးခွံများအား မြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချစေလိုကြောင်း၊ ထို့အပြင် မျိုးစေ့ထုတ်တောင်သူများအား စုစည်း၍ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ရေး လုပ်ငန်းတွင် ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ်များဖြစ်ပေါ်လာအောင် ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်းနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား အကျယ်တဝင့် မှာကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံတောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ နိုင်ငံတော်မှထောက်ပံ့သော ဧရာမင်းစပါး မျိုးဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းတွင် (၃)နှစ်ဆက်တိုက် ထုံးပိဿာ (၃၀၀)ထည့်သွင်းထား သော စမ်းသပ်ကွက်တစ်ကွက်နှင့် ယခုနှစ် ထုံးပိဿာ (၁၀၀)ထည့်သွင်းထားသည့် စမ်းသပ်ကွက်တစ်ကွက်တို့အား (၁ ဒသမ ၀၀)ဧကစီ ရိတ်သိမ်းချွေလှေ့စက်ဖြင့် တောင်သူများနှင့်အတူ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ထုံးပိဿာ (၃၀၀)ထည့်သော အကွက်မှ အစိုတင်း (၈၂ ဒသမ ၃၇)တင်းထွက်ရှိပြီး တစ်ဧကလျှင် ထုံးပိဿာ (၁၀၀)ထည့်သောအကွက်မှ အစိုတင်း (၇၀ ဒသမ ၂၆)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)