Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့တွင်ရှိ Quarantine Centre များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မုံရွာခရိုင်/မြို့နယ်  ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ လိုက်ပါ၍ ယနေ့ နံနက် (၁၀) နာရီက မုံရွာမြို့တွင်ရှိသော ဒေါနခြံရပ်ကွက်၊ မုံရွာစီးပွားရေးတက္ကသိုလ် နှင့် နန္ဒဝန် အိမ်ရာစခန်းတို့ရှိ Quarantine Centre များသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများအဖြစ် နာခေါင်းစည်းများ၊ ဗီတာမင်စီ ဆေးပြားများနှင့် အချိုရည်ဘူးများကို  ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မုံရွာ-မြင်းမူ-မန္တလေး ကားလမ်းပေါ်ရှိ တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မှီ ပြီးစီးရေး အတွက် စနစ်တကျ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် မုံရွာမြို့ ကန်သာယာကန် ပတ်လည်တွင် အလှပန်းပင်များနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ အရိပ်ရအပင်စိုက်ပျိုး ထားရှိမှုသည် လမ်းပေါ်သို့ ရောက်ရှိနေခြင်းအား ပြန်လည်၍ ပြောင်းရွေ့စိုက်ပျိုးရန်၊ မလိုအပ်သောနေရာများတွင် စိုက်ပျိုးခြင်းမပြုရန် မှာကြားခဲ့သည်။

ထွန်းကိုကို (တိုင်းဒေသကြီး-ပြန်/ဆက်)