ရန်ကုန် နိုဝင်ဘာ ၁၄
အာဆီယံဒေသတွင်းရှိ အကောင်းဆုံးစီးပွားရေးလုပ်ငန်းများကို ဂုဏ်ပြုသည့် အာဆီယံစီးပွားရေး လုပ်ငန်းများဆု ASEAN Business Awards (ABA) 2020 အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ABIS) 2020 အပြီးတွင် ဒေဝူးဟနွိုင်း ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ စီမံ ကိန်းရေးဆွဲသူများ၊ မူဝါဒဆိုင်ရာ အတိုင်ပင်ခံများ၊ ယခုနှစ်အတွက် ဆုရစီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားကို အာဆီယံဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းများ၏ အရေးပါမှုကို ပြသနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသိုက်အ၀န်းအနေဖြင့် အာဆီယံဒေသ၏ စီးပွားရေးခိုင်မာတောင့်တင်းမှု နှင့် အားသာချက်များကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၅၈ ဦးတို့ကို ဂုဏ်ပြုဆု ၆၂ ဆု ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ငါးဦးတို့က ASEAN Business Awards (ABA) 2020 ဂုဏ်ပြုဆု ခြောက်ဆုတို့ကို ရရှိခဲ့ကြသည်။ ယင်းဆုများမှာ SME Excellence (Growth) - Shan Yoma Travel & Tours Co.,Ltd.၊ SME Excellence (Employment) - Alpha Power Engineering Co., Ltd.၊ SME Excellence (Innovation) - Shan Yoma Travel & Tours Co.,Ltd.၊ Women Entrepreneur - Okkar Thiri Co., Ltd.၊ Com-bating COVID-19 - Thrust Oo Co., Ltd. ၊ Inclusive Business - Myanmar Belle Co., Ltd.တို့ ဖြစ်ကြသည်။
ယင်းဆုရရှိသူများအနက် အခြေခံဝင်ငွေ နည်းပါးသည့် လူတန်းစားများ၏ ပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးနိုင်သည့် စီးပွားရေးပုံစံကောင်းများနှင့် ကောင်းမွန်သော အလေ့အကျင့်နမူနာများ ရှိသည့် ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ရွေးချယ်ချီးမြှင့်သည့် ASEAN Inclusive Business Award ဆုရရှိခဲ့သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Myanmar Belle Co., Ltd. ဥက္ကဋ္ဌ ဦးရဲမြင့်မောင်က “ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ IT ကဏ္ဍတွေ၊ ကိုဗစ် - ၁၉ တိုက်ဖျက်ရေးကဏ္ဍတွေ စတဲ့ ကဏ္ဍအလိုက် မှာလည်း အာဆီယံနိုင်ငံတွေထဲမှာ သာလွန်တယ်၊ ရှေ့တစ်လှမ်း ရောက်တယ်ဆိုတဲ့ ထူးချွန်မှုတွေရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက ဆုတွေရရှိခဲ့တာလို့ ထင်မြင်မိပါတယ်။ ဗီယက်နမ်နိုင်ငံမှာ Quarantine ဝင်ရမယ့် အခက်အခဲ၊ လေကြောင်းလိုင်း အခက်အခဲတွေကြောင့် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဆုသွားယူချင် ပေမယ့်သွားလို့ မရခဲ့ပါဘူး။ ဆုတော့ရပါတယ်။ ဒါပေမယ့် ကျန်တဲ့စီးပွားရေးအခွင့်အလမ်းတွေ၊ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးလို့ရမယ့် အခွင့်အလမ်းတွေ မရနိုင်တာက ဒီနှစ်အတွက်ထူးခြားချက် တစ်ခုပါပဲ။ ကျွန်တော်တို့ Business လုပ်တဲ့အချိန်မှာ ငွေကြေး တစ်ခုတည်းအတွက် မဟုတ်ဘဲနဲ့ စိုက်ပျိုးတဲ့ တောင်သူတွေ၊ စက်ရုံအလုပ်ရုံက ဝန်ထမ်းတွေ သယ်ယူပို့ဆောင်တဲ့အခါမှာ ဆက်စပ်ပါဝင်တဲ့သူတွေ၊ နောက်ဆုံး စားသုံးသူအထိ အားလုံးပါဝင်ဆက်စပ်ပြီးတော့ အားလုံးအကျိုးခံစားခွင့်တွေ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု တွေ၊ ပျော်ရွှင်မှုတွေရရှိနိုင်တဲ့ စီးပွားရေးကို လုပ်ကိုင်နိုင်ခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ရှေ့ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ သွားနေတဲ့ Made In Myanmar ဆိုတဲ့ မြန်မာပြည်ကို ဂုဏ်ဆောင်နိုင်မယ့်ထုတ်ကုန်တွေ မြန်မာပြည်ကို ဂုဏ်ဆောင်နိုင်မယ့်အရာတွေကို ဒီထက်မက ကြိုးစားလုပ်ကိုင်သွားပါမယ်” ဟု ပြောကြားသည်။
ASEAN Business Awards (ABA) သည် ၂၀၀၇ ခုနှစ် မှစတင်၍ အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) က နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာအဆင့် ဂုဏ်ထူးဆောင်အခမ်းအနား တစ်ခုဖြစ်သည်။
၁၃ နှစ်ကြာ အကောင်အထည်ဖော် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စက်မှုလုပ်ငန်းတူများအကြားတွင် ၎င်းတို့၏ ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထပ်မံအတည်ပြုမြှင့်တင်နိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပေါင်းစည်းမှုတို့ကို တိုးမြှင့်နိုင်ခြင်းနှင့် အာဆီယံဒေသ တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကို မြှင့်တင် နိုင်ခြင်း စသည့်အခွင့်အလမ်းများ ရရှိစေခဲ့သည်။
သတင်းစဉ်