နေပြည်တော် ဒီဇင်ဘာ ၁၆
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား သတ်မှတ်နေရာအလိုက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးပုဂ္ဂိုလ် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများတက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးသီးနှံ ထွက်ကုန်များမှ နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူများနှင့် လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးထားရှိမှု၊ ပြည်နယ်အတွင်း MSME လုပ်ငန်းများဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု နှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင်တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင် ခဲ့ကြကြောင်း၊ သို့သော်လည်း ယနေ့အထိ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် သစ္စာရှိဝန်ထမ်းကောင်းများလည်းရှိ ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများသည် သစ္စာရှိသည့် ဝန်ထမ်းများပင်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နှင့် တတိယပိုင်းကို ဒုတိယပိုင်းကျင်းပပြီး နှစ်ပတ်အကြာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မှသာ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ လွှတ်တော်ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အာဏာကို အဆိုပါအစိုးရသစ်အား ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း။
ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် မဲဖြစ်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၌ အီလက်ထရောနစ် နည်းပညာအသုံးပြုမဲပေးရာတွင် တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ် (Direct Recording Electronic System- DRE)၊ အီလက်ထရောနစ် မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer-EBPs)၊ အလင်းဖြင့် မှတ်တမ်းတင်စနစ် (Optical Mark Recognition– OMR) နှင့် အင်တာ နက်မဲပေးစနစ်(Internet Voting System) စသည့် လေးမျိုးကို အသုံးများဆုံးဖြစ် ကြောင်း၊ EVM ကို ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံက ပထမဆုံး စတင်တီထွင်အသုံးပြုခဲ့ပြီး ယနေ့ချိန်ထိ ယင်းလေးမျိုးကို နိုင်ငံပေါင်း ၃၄ နိုင်ငံက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများထက်ပင် ပို၍ များပြားကြောင်း၊ ထိုသို့ လူဦးရေများပြား သည့် အိန္ဒိယတွင်ပင် အသုံးပြုလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။
မြန်မာနိုင်ငံ၌ တိုက်ရိုက်မဲပေးမည့် မဲဆန္ဒရှင် အဆင့်အတန်းမရွေး လွယ်ကူရိုးရှင်းပြီး မသမာမှုလုံးဝပြုလုပ်၍ မရနိုင်သည့် တိုက်ရိုက်မှတ်တမ်းတင် အီလက် ထရောနစ်မဲပေးစနစ် (Direct Recording Electronic System- DRE) စနစ်ကို ရွေးချယ်ကာ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ အီလက်ထရောနစ်မဲပေး စနစ် (Direct Recording Electronic System- DRE) စနစ်ကို အိန္ဒိယ၊ ဘူတန်၊ အီရန်၊ ရူမေးနီးယား၊ ဘရာဇီး၊ ပီရူး၊ ဗင်နီဇွဲလား၊ နမ်ဘီးယား၊ ဘူဂေးရီးယားနှင့် အယ်ဘေးရီးယား စသည့်နိုင်ငံများတွင် အသုံးပြုကြကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုမည့် MEVM စက်ကိုလည်း အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာ ကော်မတီ (National Certification Committee-NCC) က စိစစ်ထုတ်ပေးသော အရည်အသွေးကိုက်ညီမှုထောက်ခံချက်လက်မှတ် (Certification of Conformity – CoC) နှင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေး ရေးအဖွဲ့( National Certification Body- NCB) က ထုတ်ပေးသည့် မြန်မာစံချိန်စံညွှန်းအမှတ်တံဆိပ် (MMS Standard Mark) ရရှိပြီးဖြစ်ကြောင်း၊ ယင်းသည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မိမိတို့အစိုးရ၏ အဓိကဆောင်ရွက်ချက် ပင်ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်အရေးကြီးကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပြည်သူများ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အပိုင်းက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း၊ အဓိကအရေးကြီးသည်မှာ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ မိမိအဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုနိုင်သူတို့ကို ဆန္ဒမဲပေးနိုင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် Agro Based Industries ကို မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ကုန်တိုးမြှင့်ရေးအတွက် စာရင်းဇယားမှန်ကန်ရေး၊ သစ္စာရှိဝန်ထမ်းများလိုအပ်ကြောင်း၊ နိုင်ငံတော်က မျှော်မှန်းထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အောင်မြင်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားကြရန်လိုကြောင်း၊ MSME လုပ်ငန်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မိမိဒေသ၌ ရောင်းချနိုင်ရေးအတွက် ဦးမတည်ဘဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန် အမယ်သစ်များဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးကို အဓိက ဦးတည်ချက်ထားပြီး မူဘောင်အတွင်းမှ စီမံဆောင်ရွက်ရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ကြမ်းမှကုန်ချောအထိ ထုတ်လုပ်နိုင်ရန် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားကို ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်ကြကြောင်း၊ ထိုသို့ ထုတ်လုပ်ရာ၌ မိမိတို့နိုင်ငံတွင် ၁ ယူနစ် ထုတ်လုပ်မှုတန်ဖိုးသည် ရေအားလျှပ်စစ်မှ ပျမ်းမျှ ၈၂ ကျပ်၊ နေရောင်ခြည်စွမ်းအင်မှ ၁ ယူနစ် ၁၇၁ ကျပ်၊ သဘာဝဓာတ်ငွေ့မှ ၁ ယူနစ် ၂၃၅ ကျပ်၊ ကျောက်မီးသွေးမှ ၁ ယူနစ် ၂၁၅ ကျပ် ကုန်ကျသည်ကို တွေ့ရှိရကြောင်း၊ ရေအားလျှပ်စစ်သည် အသက်သာဆုံးဖြစ်၍ ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာ ဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံ၌စီးပွားရေးတွင် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ဘဏ္ဍာရေးဆိုင်ရာများ၊ ငွေကြေးကဏ္ဍနှင့် ကုန်သွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ မူဝါဒများချမှတ်ထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် စဉ်းစားတွေးခေါ်နိုင်မည့် ပညာတတ်များစွာလိုအပ်သည့်အတွက် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ ၅၁ သန်းကျော်ရှိပြီး အသက် ၁၅ နှစ် နှင့် ၆၄ နှစ်ကြား လူဦးရေအချိုးမှာ ပြည်ထောင်စုအဆင့် ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ မြို့ပြအဆင့် ၇၀ ဒသမ ၈ ရာခိုင်နှုန်း နှင့် ကျေးလက်အဆင့် ၆၀ ဒသမ ၁ ရာခိုင်နှုန်းတွေ့ရှိရာ အလုပ်လုပ်နိုင်သည့် အသက်အရွယ်အပိုင်းအခြားသည် တဖြည်းဖြည်း များပြားလာကြောင်း၊ ၁၉၇၃ ခုနှစ်တွင် ၅၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၆၆ ဒသမ ၉ ရာခိုင်နှုန်း ရှိလာခြင်း သည် ကျေးလက်မှမြို့ပြသို့ လူငယ်အလုပ်သမားများပြောင်းရွှေ့ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်း ပိုမိုပေါများလာမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါကြောင်း။
အလုပ်လုပ်နိုင်သည့် ၆၆ ဒသမ ၉ ရာခိုင်နှုန်းသည် လူငယ်လူရွယ် လူလတ်ပိုင်းတို့၌ ပညာတတ်အသိုင်းအဝိုင်းများ တစ်နည်းအားဖြင့် လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုများပြားလာစေရန်နှင့် ထပ်မံတိုးမြှင့်လာမည့် ၁၅ နှစ်အောက် ကလေးငယ်များကိုလည်း ပညာတတ်လူငယ်လူလတ်များ ဖြစ်ပေါ်လာစေရေး ပညာရေးကဏ္ဍပိုင်းကို လက်ရှိအခြေအနေ အထက် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ၁၅ နှစ်အောက် ကလေးပိုင်းနှင့် ၁၅ နှစ် နှင့် ၆၄ နှစ်ကြား လူလတ်ပိုင်းတို့တွင် လူ့စွမ်းအားအရင်းအမြစ်များ ရာနှုန်းပြည့်ရှိလာပါကပိုမို၍ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးပိုင်းတွင် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံရေးပိုင်းနှင့် ဆက်စပ်သည့် နိုင်ငံတကာသံတမန်ဆက်ဆံရေးကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အပိုင်းသည်လည်း ပိုမိုရရှိလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းနေရာများ၌လည်း မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်များ အသုံးချလာ နိုင်မည်ဖြစ်ကြောင်း၊ တစ်ပိုင်းကလည်း နည်းပညာလွှဲပြောင်းရယူခြင်းမှ တစ်ဆင့်ကိုယ်ပိုင်တီထွင်မှုများ၊ စွန့်ဦးတီထွင်မှုများဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းမှုများပါရှိပါက နိုင်ငံစီးပွားဖွံ့ဖြိုးရေးသည် တားဆီး၍ မရနိုင်အောင်ဖြစ်လာနိုင်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း။
အတတ်နိုင်ဆုံးဆောင်ရွက်ပေး
နိုင်ငံတော် အကြီးအကဲအနေဖြင့် နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူချိန်မှစ၍ ပညာရေးကဏ္ဍကို တစိုက်မတ်မတ် တွန်းအားပေးပံ့ပိုးပေးမှုဆောင်ရွက်ခြင်း၊ တစ်ပိုင်းကလည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ တက္ကသိုလ် ကောလိပ်များကို အဆင့်မြှင့်တင်ခြင်း၊ အခြေခံပညာကျောင်းများကိုလည်း ပညာရေးဝန်ကြီးဌာန၏ တင်ပြဘတ်ဂျက်အပြင် ပိုလျှံရန်ပုံငွေမှပင် ပညာရေး ကျောင်းများအတွက် ခွဲဝေပေးခြင်း၊ ဆရာ ဆရာမများ၏ သက်သာချောင်ချိမှုကို လည်း လစာတိုးခြင်း နည်းလမ်းမှလွဲ၍ ဥပဒေနှင့်အညီ ထောက်ပံ့ခြင်းများ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိရာ ပြည်ထောင်စုအဆင့် လူဦးရေ ၂၂ သန်း ကျော်၌ စာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ၁၅ နှစ်အထက် အရွယ်ရောက်ပြီးသူ ၁၀ ဦးလျှင် ၉ ဦး သည် စာရေးနိုင် ဖတ်နိုင်ကြောင်းကို တွေ့ရှိရကြောင်း။
သို့ရာတွင် ကျောင်းတက်ရောက်မှု အပိုင်း၌ လိုအပ်နေသေးသည်ကိုတွေ့ရှိရကြောင်း၊ ၃နှစ်နှင့် ၂၅ အကြား ၁၀ ဒသမ ၅ သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းသည် လက်ရှိကျောင်းအသီးသီးတွင် တက်ရောက်ကြပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းသည် ယခင် ကျောင်းတက်ဖူးသူများဖြစ်ကာ ကျောင်းလုံးဝမတက်ဖူးသူ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်းကို တွေ့ရှိရကြောင်း၊ အသက် ၅ နှစ်မှ ၉ နှစ်ကြား ၁၀ ဦးလျှင် ၉ ဦး ကျောင်းတက်ပြီး ၁၀ နှစ်မှ ၁၄ နှစ်အကြား ၈၄ ဒသမ ၂ ရာခိုင်နှုန်းရှိသော်လည်း ၁၅ နှစ်နှင့် ၁၉ နှစ်အကြား ၄၃ ဒသမ ၃ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀ နှစ်နှင့် ၂၄ နှစ်အကြား ၁၅ ရာခိုင်နှုန်းအထိ သိသာစွာကျောင်းတက်ရောက်မှု နည်းသွားသည်ကိုတွေ့ရှိရကြောင်း၊ ၂၅ နှစ်နောက်ပိုင်း ကျောင်းတက်ရောက်မှု လုံးဝမရှိသလောက်ဖြစ်ကြောင်းကို တွေ့ရှိရကြောင်း၊ အားလုံးကို ခြုံကြည့်ပါက အရွယ်ရောက်ပြီးသူ၏ ၄၆ ရာခိုင်နှုန်း သည် KG သို့မဟုတ် မူလတန်းအဆင့်သာပြီးမြောက်ခြင်း၊ အလယ်တန်းအဆင့်၌ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိခြင်း၊ အထက်တန်းအဆင့်၌ ၁၄ ရာခိုင်နှုန်းသာရှိခြင်းနှင့် တက္ကသိုလ်ကောလိပ်အဆင့်၌ တက်ရောက်ပြီးသူ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိခြင်းသည် တန်းစဉ်ကူးပြောင်းမှုများစွာ ဆောင်ရွက်ရမည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း။
စက်မှု အထက်တန်းကျောင်းများ ဖွင့်လှစ်ပေးမှုကို နိုင်ငံတော်အကြီးအကဲက စီမံပေးခဲ့ရာ ယနေ့ခရိုင်ပေါင်း ၈၈ ခရိုင် တွင် ကျောင်းပေါင်း ၈၉ ကျောင်း ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို စီမံပေးထားကြောင်း၊ မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကလေး/ လူငယ်အားလုံးနှင့် မိဘများအားလုံးသိရှိ ပြီး အတတ်နိုင်ဆုံး တန်းစဉ်ကူးပြောင်းမှု တိုးပွားလာစေရေး ရာနှုန်းပြည့်တန်းစဉ် ကူးပြောင်းနိုင်ရေး မျှော်မှန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကျောင်းမတက်ရ သည့် အကြောင်းရင်းကို ပြန်ကြည့်ပါက မိဘများ၏ အခက်အခဲ၊ ကျောင်းစရိတ် အခက်အခဲ၊ ပညာသင်ကြားရန် စိတ်ဝင်စားမှုအားနည်းခြင်းနှင့် မသန်စွမ်းခြင်း ကြောင့်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရ ကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်း ကြရန် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများဖြစ်သည့် ဦးအားဖူက ဓာတ်မြေဩဇာ လုံလောက်စွာရရှိရေး၊ ရေကြီးရေလျှံမှု မရှိစေရေးအတွက် ရေလမ်းကြောင်းပြုပြင်ပေးလိုမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြပြီး ဦးလမိုင်ဂွမ်ဂျာက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့် အာမခံချက်များကိုရှင်းလင်းပေးပါရန် ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများကိုယ်စား၊ ဘာသာရေးအသင်းအဖွဲ့များ ကိုယ်စား ထပ်မံတောင်းဆိုသည့်အတွက် ဒုတိယဝန်ကြီး ဦးအေးကျော်က စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရန် တရုတ်နိုင်ငံ မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆွေးနွေးခဲ့မှုများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အဆိုပါ ရှင်းလင်းဆွေးနွေးခဲ့မှုများအပေါ် အသေးစိတ် ဖြည့်စွက်ဆွေးနွေးရာတွင် မြစ်ဆုံစီမံကိန်းကို မိမိတိုင်းမှူးလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကျေအလည်ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင်ရှိနေသည့်အတွက် တမံပြိုကျပါကဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများအပေါ် တမံတည်ဆောက်မှုဒီဇိုင်း၌ ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့်တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနေရာ သည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင် ရှိသည့်အတွက် မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျူ့ ၇ ဒသမ ၁ ခံနိုင်ရန်ရှိစေရန်အတွက် တွက်ချက်ထားသည့် တမံဖြစ်ကြောင်း။
အဆိုပါစီမံကိန်းတွင် မူလက မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း ၆ ခု အနက် မြစ်ဆုံ ၆၀၀၀ MW အပါအဝင်စုစုပေါင်း ၁၉၀၉၉ MW စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်စ၍ မြစ်ဆုံကို စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့် ပတ်သက် ၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ၆ မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီး မေခနှင့် မလိခမြစ်ဆုံမှုရေစီးကြောင်းမပျောက် ပျက်စေဘဲ နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ် ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းပြတ်ရွှေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာ နေရာရှိ ဇောင်း တူဆည်မှာ မြေသားတမံဖြစ်ပြီး ၆ မဂ္ဂနီ ကျူ့ခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင်တမံမှာ ကျောက်ဖြည့် တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ ဆည်တမံနှစ်ခုသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် တစ်စုံတစ်ရာချို့ယွင်းမှုမရှိ သည်ကို တွေ့ရှိရကြောင်း။
အကြံပြုတွက်ချက်ပေး
ယခုမြစ်ဆုံတမံ တည်ဆောက်မည့် နေရာတွင် ယခင်ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူ့ ဖြင့် တွက်ချက်ထားသော်လည်း ယခုအခါ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ပမာဏ ထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို Asia Charter Professional Engineer (ACPE)အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြု တွက်ချက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေအောက်ကြမ်းပြင် ထိန်းညှိပေးမည့် လုပ်ငန်းများပါ ထည့်သွင်းထားပြီး နှစ်စဉ်မြစ်ကြီးနားမြို့ ရေဝင်ရေကြီး နစ်မြုပ်မှုမှလည်း ကင်းရှင်းစေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ်နွေမိုးဆောင်းရေပြင်အမြင့် ၁၀ မီတာ အမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြစ်ကြီးနားထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရေအောက်ကြမ်းပြင်မှ ထွက်ရှိလာသည့် နုန်းမြေအနယ်အနှစ်များကိုလည်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ လုပ်ကိုင်နေကြသည့် တောင်သူများ၏ စိုက်ပျိုးမြေများအတွက် သဘာဝကပေးသည့် အဆီ အနှစ်ပြည့်ဝသည့် မြေဩဇာကိုလည်း အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း။
စီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ကျေနပ်ဝမ်းသာအားရ သဘောကျလက်ခံကြသည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၅ ဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့ ၅ ဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အဖွဲ့များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း ခင်းကျင်းပြသထားသည့် MSME ဒေသထွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်း၊ အသုံးအဆောင်နှင့် စားသောက်ကုန်ပြခန်း၊ ရိုးရာ အဝတ်အထည် ထုတ်ကုန်ပြခန်းနှင့် ပယင်း၊ ကျောက်မျက်ရတနာနှင့် ဝါးလက်မှုပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား / ကျောင်းသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ် ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပြီး ပြည်ထောင်စုအဆင့် လူဦးရေ ၂၂ သန်း ကျော်၌ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၁၁ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အသက်အပိုင်းအခြားဖြင့် ကြည့်မည်ဆိုပါက ၁၅ နှစ်နှင့် ၆၄ နှစ်ကြား လူဦးရေအချိုးမှာ ပြည်ထောင်စု အဆင့် ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး လူဦးရေ၏ တစ်ဝက်ကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေ ၅၁ သန်းတွင် ကျောင်းနေအရွယ်များကို ကြည့်မည်ဆိုပါက ကလေးငယ် ၁၀ ဦးလျှင် ၉ ဦး သည် ကျောင်းတက်လျက်ရှိပြီး ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၀ နှစ်မှ ၁၄ နှစ်တွင် ၉၄ ဒသမ ၈ ရာခိုင်နှုန်းတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၅ နှစ်မှ ၁၉ နှစ် အခြေခံပညာအဆင့်တွင် ၄၅ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး အသက် ၂၀ နှစ်မှ ၂၄ နှစ် တက္ကသိုလ် အဆင့်တွင် ၁၅ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရပြီး အသက် ၂၅ နှစ် အထက်တွင် မရှိသလောက်နည်းပါးကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် များစွာအားနည်းမှုရှိနေသည်ကို တွေ့ရှိရကြောင်း။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်ချက်များအရ မိဘများ၏ အခက်အခဲ၊ ကျောင်းစရိတ် အခက်အခဲ၊ ပညာသင်ကြားရန် စိတ်ဝင်စားမှုအားနည်းခြင်း၊ မသန်စွမ်းသူများ စသည်ဖြင့် သုံးသပ်တွေ့ရှိရကြောင်း၊ ယင်းအခက်အခဲများကို ဖြေရှင်းကြရန် အစိုးရ၊ မိဘ၊ ကျောင်းသား ကျောင်းသူ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးကဏ္ဍကို တစိုက်မတ်မတ် တွန်းအားပေးပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း အားနည်းချက်များ ရှိနေသေးသည့်အတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် ဘွဲ့ရပြီး သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ဝင်ရောက်ကြမည့်သူများ ဖြစ်သည့်အတွက် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ထမ်းဆောင်ရင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် တက္ကသိုလ်၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံ၌ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုနှင့် ဆေးဝါးကုသ ပေးလျက်ရှိသည့် အခြေအနေများအားမေးမြန်း၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေများကိုလည်းကောင်း ပေးအပ်သည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသုမာလာအားဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) သို့သွားရောက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ အတွင်းရေးမှူးနှင့် ကက်သလစ်အသင်းတော်တို့မှ သိက္ခာတော်ရ ဆရာတော်များနှင့်တွေ့ဆုံ၍ ခရစ္စမတ်လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ကြပြီး ခရစ္စမတ်ဆုတောင်းစကားနှင့် ကျေးဇူးတင်စကားများပြောကြားကြခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်
