Skip to main content

မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀)ပြည့် အခမ်းအနားပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၂၇

၁၉၂၅ ခုနှစ်က မန္တလေးမြို့ ဆိုင်းတန်းရပ်၌ ဆရာကြီး မြို့မငြိမ်း(ခ) ဦးကျော်ငြိမ်းအပါအဝင် ဝါသနာရှင်လူငယ်တစ်စုဖြင့် စတင်ဖွဲ့စည်းခဲ့သည့် မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရတနာပုံခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မအပျော်တမ်း တူရိယာအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀)ပြည့် အခမ်းအနားမုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ရတနာပုံခန်းမအတွင်း၌ ခင်းကျင်းပြသထားသော မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း၏ ခေတ်အဆက်ဆက် ထိန်းသိမ်းထားရှိသော မှတ်တမ်းဓာတ်ပုံများနှင့် တူရိယာပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီး မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်းကြီး၏ဥက္ကဋ္ဌက မြို့မအသင်းကြီးအကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း ကြီး၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ မြို့မမောင်မယ်များနှင့် ကျောင်းသား ကျောင်းသူများက အကအလှသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်းကြီးအဖွဲ့အား ဂုဏ်ပြုမင်္ဂလာပန်းခြင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်