နေပြည်တော် အောက်တိုဘာ ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ် မတ်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်စာတမ်းများအရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏အခြေအနေ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက ကျင်းပခဲ့သည့် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ ဒုတိယအကြိမ်အစည်းအဝေး၏ ဆက်လက်ဆောင် ရွက်ရန်ကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အပါအဝင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသော စာချုပ်စာတမ်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
