နေပြည်တော် ဇူလိုင် ၂၇
ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်နှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအားလုံးတွင် ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် (Student Health Record Card) အား Grade (6) မှ Grade (12) အလယ်တန်းနှင့် အထက်တန်းအထိ မှတ်တမ်းမှတ်ရာများ တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဆယ်ကျော်သက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးကော်မတီ အဆင့်ဆင့်ကို ပြန်လည်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း၍ ကျေးလက်ဒေသအောက်ခြေအထိ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင် ပညာရေးဝန်ကြီးဌာနအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကဲ့သို့သော အဖွဲ့များနှင့်ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်ရေး၊ ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုဆောင်ရွက်စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ အသက်အရွယ်အလိုက် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းကို ပိုမိုဆောင်ရွက်ရေး၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျင်းပမည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကျောင်းကျန်းမာရေးဗဟိုကော်မတီနာယက ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် အာဟာရနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဗဟိုကော်မတီနာယက၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပညာရေးနှင့် ကျန်းမာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပြီး ကျောင်းသားလူငယ်အပါအဝင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဆိုသည့်အတိုင်း အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းကို ပိုမိုပြီး ထိထိရောက်ရောက်ဆောင်ရွက်ရန်၊ ကျောင်းကျန်းမာရေးနှင့်စပ်လျဉ်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရရှိစေရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျောင်းကျန်းမာရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ကျောင်းကျန်းမာရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်ပတ်သက်၍လည်းကောင်း၊ အတွင်းရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
