Skip to main content

မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၂၆

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်သေးပညာရှင်ကြီးများ၊ သင်တန်းအတွက် ကူညီပံ့ပိုးပေးသူများ၊ သင်တန်းသား သင်တန်းသူများ တက်‌ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က သင်တန်းအတွက် ကူညီပံ့ပိုးပေးသူများကို ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်သင်ကြားမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်