ရန်ကုန် အောက်တိုဘာ ၁၇
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်တက္ကသိုလ်မှ Deputy Dean ဖြစ်သူ Mr. Dmitry Baryshnikov က Academic Diplomacy and International Studies: Prospects for Russia and Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ စိန့်ပီတာစဘတ်မြို့ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Viacheslav Kalganov နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ သုတေသီများ၊ မြန်မာသံတမန်သင်တန်းကျောင်း သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းမှ သင်တန်းသားများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ခေတ်သစ်သံခင်းတမန်ခင်းပုံဖော်မှုတွင် လေ့လာသင်ယူမှုဆိုင်ရာ သံခင်းတမန်ခင်း (Academic Diplomacy)နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန်ပညာသင်ယူမှုများ ပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်