Skip to main content

ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေး

နေပြည်တော် အောက်တိုဘာ ၁၃

ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံနှင့် ညှိနှိုင်းဆောင်ရွက်နေသော လုပ်ငန်းများအနက် ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်း သွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် သက်ဆိုင်သော လုပ်ငန်းများမှာ လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပအလုပ်အကိုင်ရရှိရေး၊ နိုင်ငံခြားသားအလုပ်သမားများကို ပြည်တွင်းအလုပ်အကိုင်များတွင် ခန့်ထားရေးတို့ဖြစ်ကြောင်း၊ လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ASEAN Year of Skills (2025) တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း ကျွမ်းကျင်မှုကွာဟချက်များကို ဖော်ထုတ်သတ်မှတ်ကာ ဒေသတွင်း လိုအပ်သော ကျွမ်းကျင်မှုသင်တန်းများကို မျှဝေနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်းကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ကာ HRD Fund တစ်ခုထူထောင်နိုင်ရန် အောက်တိုဘာနောက်ဆုံးပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် HRD Fund အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် စုဖွဲ့မှုနှင့် လုပ်ငန်းတာဝန်သတ်မှတ်မှု၊ လုပ်ငန်းကော်မတီဝင်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြပြီး စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်