Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့နှင့်ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၀

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ဝှေ့နှင့်ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ စခန်းဝင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား၊ အမျိုးသမီး)သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် နည်းစနစ်ပိုင်းလေ့ကျင့်နေမှုနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက လေ့ကျင့်ထားသည့်အတိုင်း ထိချက်များ မှန်ကန်တိကျစွာဖြင့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်နိုင်အောင် နည်းစနစ်၊ နည်းဗျူဟာများကို ကြိမ်ဖန်များစွာ လေ့ကျင့်သွားရန်၊ ကွင်းသွင်းခြင်းခတ်ရာတွင် စိတ်တည်ငြိမ်မှုရှိစေရန်နှင့် ရမှတ်များ ပိုမိုကောင်းမွန်စေရန်အတွက် အာရုံစူးစိုက်ခြင်းနှင့် သက်လုံကောင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေမည့် လေ့ကျင့်ခန်းများကို အလေးထားလေ့ကျင့်လုပ်ဆောင်သွားရန်၊ Training Program အတိုင်းလေ့ကျင့်ပြီး မိမိတို့၏ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲနိုင်သူများဖြစ်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း လိုက်နာကြိုးစားလေ့ကျင့်သွားကြရန် မှာကြားကာ အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်