Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေ၊ မဲဆန္ဒရှင် ပြည်သူများ ဘေးကင်းလုံခြုံစွာဆန္ဒမဲ ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လေ့လာခွင့်ပြုမည့် အစီအစဉ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အစိုးရ၏ ကူညီဆောင် ရွက်ပေးခဲ့မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)