နေပြည်တော် စက်တင်ဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်လျက်ရှိရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးစုစည်းပြီး မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကိုအခြေခံ၍ အရည်အသွေးပြည့်မီသော ပို့ကုန်များကို ဦးစားပေးထုတ်လုပ်ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးထုတ်ကုန်ကိုအခြေခံသည့် ပို့ကုန်များကို Value Added ပြုလုပ်၍ ဦးစားပေးထုတ်လုပ်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဖြစ်ကြောင်း။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့်ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သလို ဥပဒေဆိုင်ရာကိစ္စများကို အသိပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းအဖွဲ့များအနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ မိမိတို့၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များကို ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များက အဖွဲ့၏ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အခက်အခဲနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်