Skip to main content

ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့်လေးမျက်နှာမြို့ ရပ်ကွက် ငါးခုနှင့် ကျေးရွာ ကိုးရွာရှိ လူဦးရေ ၈၃၈၂ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ၊ အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

လေးမျက်နှာ ဩဂုတ် ၁

ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့ ရပ်ကွက်ငါးခုနှင့် ကျေးရွာ ကိုးရွာရှိ အိမ်ခြေ ၁၇၃၄ လုံး၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုး ငွေကျပ်သန်း ၄၁ ဒသမ ၉၁၀ နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေကျပ် ၄၁ ဒသမ ၆၅၁ သန်းကျော် စုစုပေါင်း တန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ထောက်ပံ့ ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်၍ တာအလျားပေ ၃၀ ခန့်တွင် ငါးပေ နိမ့်ဆင်းပြီး အကျယ်ပေ ၁၇၀ ကျိုးပေါက်မှုကို ပြန်လည်ပြုပြင်တည်ဆောက်မည့်အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များတွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်