Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပွင့်ဖြူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး / ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၂၀)ဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည် ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်နေမှု၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ရှောက်တောကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည်ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နေမှု ၊  ဆည်တော်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နေမှု ၊ မုန်းဇလဲကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်း လမ်းအရှည်ပေ ၄၅၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း ခင်းကျင်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စံချိန် စံညွှန်းပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ကျေးလက်နေ ပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းများမှာ ပွင့်ဖြူမြို့နယ် လယ်ကိုင်း ကျေးရွာတွင် ၂၀ ရာခိုင်နှုန်း ၊ ရှောက်တောကျေးရွာတွင် ၂၅ ရာခိုင်နှုန်း ၊ မုန်းဇလဲကျေးရွာတွင် ၆၅ ရာခိုင်နှုန်း ၊ ဆည်တော် ကျေးရွာတွင် ၂၀ ရာခိုင်နှုန်း အသီးသီး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု ၊ စက်တန်းရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် လမ်းအရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းဆောင်ရွက်နေမှုလုပ်ငန်း ၂၀ ရာခိုင်နှုန်း ၊ ပြည်လုံးကျော်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့်  ကျေးရွာတွင်း လမ်း အရှည်ပေ ၄၅၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယခု ဆောင်ရွက် နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၆)ရွာရှိ အိမ်ခြေ ၂၉၇၈ အိမ်မှ လူဦးရေပေါင်း ၁၃၃၇၄ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာသွားလာအသုံးပြုနိုင်မည့်အပြင် ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် များစွာ အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ  သိရသည်။   


 ရဲဝင်းနိုင် (ညောင်ဦး)