Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသော ရွာသာကျေးရွာရှိ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ

ရွှေဘို နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာသာကျေးရွာ‌တွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ စာသင်ကျောင်းခန်းမတွင် တွေ့ဆုံခဲ့သည်။

ထို့နောက် လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍမှ ကျပ်သိန်း(၁၅၀)၊ ရွာမှ ထည့်ဝင်ငွေ ကျပ်သိန်း(၁၀၀) ကျော်တို့ဖြင့် ကွန်ကရစ်လမ်းပေအရှည်(၂၁၀၀)၊ အကျယ်(၁၂)ပေ၊ အမြင့် (၉)လက်မ ကို ရွာလုပ်အားဖြင့် ဆောင်ရွက်ထားရှိသော ကွန်ကရစ်လမ်းနှင့် ဝင်ငွေတိုးပွားရေးကဏ္ဍမှ လူသုံးကုန်ပစ္စည်းများ၊ စာသောက်ကုန် ပစ္စည်းများ ပြုလုပ်နည်းများကို သင်တန်းပို့ချ၍ ယခုအခါ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးလျက် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦး မှ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ စီမံကိန်းကို ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျပ်သိန်း(၃၀၀)နှင့် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကျေးရွာအဖြစ် ရွာသာကျေးရွာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုကျပ်သိန်း (၃၀၀)ဖြင့် လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေး ကဏ္ဍအတွက်(၅၀)ရာခိုင်နှုန်းကိုလည်းကောင်း၊ ဝင်ငွေတိုးပွားရေး ကဏ္ဍအတွက်(၄၀)ရာခိုင်နှုန်းကိုလည်းကောင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍအတွက် (၁၀)ရာခိုင်နှုန်းကို လည်းကောင်း အသီးသီးဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်း မှပြောကြားခဲ့သည်။

ထွန်းမြင့်အောင်(ရွှေဘို)