ကြို့ပင်ကောက် အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြို့ပင်ကောက်မြို့ တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ယမန်နေ့ ညနေ ၆ နာရီအချိန်က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ထားရှိကုသမှုပေးလျက်ရှိသော ကြို့ပင်ကောက်မြို့ တိုင်းရင်းဆေးရုံသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကုသပေးနေသော အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် အပါအဝင် တိုင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက လူနာများအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လူနာများအတွက် ယခုထက်ပိုမို ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးစေ လိုကြောင်း၊ အခြေခံလိုအပ်ချက်ဖြစ်သော ရေ၊ မီး၊ မိလ္လာကိစ္စများကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆေးရုံတက်လူနာများသာမက ကုသမှုပေးနေသော ဝန်ထမ်းများအတွက်ပါ အဆင်ပြေစေရေးစီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက်တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော PPE ဝတ်စုံ(၃၀)၊ နှာခေါင်းစည်းအခု (၁၀၀၀)၊ အပူချိတ်တိုင်းစက်(၃)ခု၊ သွေးပေါင်ချိန်တိုင်းစက် (၃ )ခု၊သွေးအတွင်းရှိ အောက်စီဂျင် ရာနှုန်းတိုင်းသည့်စက်(၃) ခုတို့ကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးမြင့်အောင်ထံ လွှဲပြောင်းလှူဒါန်းခဲ့သည်။
ကြို့ပင်ကောက်မြို့တွင်ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃၈)ဦးတွင် ကျန်းမာရေးကောင်မွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသော အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုင်းရင်းဆေးရုံတို့တွင် စောင့်ကြည့် ကုသပေးနေပြီး ပြည်ပပြန်နှင့်ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူများအား Quarantine Centre (၄၃)ခု ဖွင့်လှစ်၍ ထားရှိပြီး ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များကို ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)