ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များ အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၄၇/၂၀၂၀ ) ကိုကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က "လာမည့် ၂၀၂၀ပြည့် နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဘက်စုံ ၊ကဏ္ဍစုံမှ အထူးသတိရှိပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွှားမှု မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန်" လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ကော်မတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ဆောင်ရွက်ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြဆွေးနွေးပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွှားမှုနှင့် ထိန်းချုပ်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသော ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိပ်တင်ပြဆွေးနွေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)