Skip to main content

လွတ်လပ်ခြင်း၏အရသာကို တင်းပြည့် ကျပ်ပြည့်ခံစားနိုင်ရေး

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် သူ့အသက်သည် ၃၂ နှစ်သာဖြစ်ရာ သူသည် လူငယ်တစ်ဦးမျှသာ။ ဤမျှသော သက်တမ်းအတွင်း နိုင်ငံနှင့်လူမျိုးအတွက် သူကြိုးပမ်းဆောင်ရွက်ခဲ့သမျှတို့မှာ မယုံနိုင်လောက်စရာ။ ဇမ္ဗူမှာ တစ်လူဟု ဆိုရလောက်အောင် အံ့ချီးဖွယ်ရာ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အခါ အိန္ဒိယအမျိုးသားခေါင်းဆောင် ဂန္ဒီကြီးက “မြန်မာနိုင်ငံခေါင်းဆောင် ဂျင်နရယ်အောင်ဆန်းသည် ခေတ်သစ်မြန်မာနိုင်ငံကို မွေးဖွားသူဖြစ်ပြီးလျှင် မြန်မာနိုင်ငံကို လွတ်လပ်ရေးတံခါးဝ၌ ထားပစ်ခဲ့သည်” ဟု ဆိုခဲ့သည်။ အခြားအာရှနိုင်ငံများနည်းတူပင် ပဒေသရာဇ် နိုင်ငံတစ်နိုင်ငံအဖြစ်မှ နယ်ချဲ့တို့ကျူးကျော်သိမ်းပိုက်မှုကို ခံရပြီး ကိုလိုနီဘဝဖြင့် နှစ်ပေါင်း ၁၀၀ ခန့် နေခဲ့ရသည့် နိုင်ငံကို လုံးဝလွတ်လပ်သည့်နိုင်ငံဘဝသို့ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် သမိုင်း၏လိုအပ်ချက်အရ တစ်ခေတ်တွင် တစ်ယောက်ဆိုသလို ပေါ်ပေါက်ခဲ့သည့် ခေါင်းဆောင် မျိုးဖြစ်သည်။ နယ်ချဲ့လက်အောက်ခံဘဝတွင် သီးခြားအုပ်ချုပ်မှုများ၊ သီးခြားဥပဒေများ၊ သီးခြားအခွင့်အရေးများ၊ သစ္စာတော်ခံမွေးမြူမှုများဖြင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို သွေးခွဲအုပ်ချုပ်ခဲ့ပြီး သံသယမီးများကိုပါ မွှေးထားသည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်း၏ ထက်မြက်သည့် ခေါင်းဆောင်မှုစွမ်းရည်၊ ရိုးသားဖြောင့်မတ်သည့် ကိုယ်ရည်ကိုယ်သွေးတို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ပြီး နိုင်ငံကိုလည်း လွတ်လပ်ရေးတံခါးဝဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ အသက်၊ သွေး၊ ချွေးတို့နှင့်ရင်းနှီးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးရရှိပြီးနောက်တွင် မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်မှုတို့ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့သည်။ လွတ်လပ်ပြီးသည့်နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် တက်ညီလက်ညီ စည်းစည်းလုံးလုံးဆောင်ရွက်ရမည့်အချိန်တွင် ဝါးအစည်းပြေသကဲ့သို့ ကွဲခဲ့ကြခြင်းဖြစ်သည်။ အချင်းချင်း လက်နက်စွဲကိုင်တိုက်ခိုက်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခွင့်မသာ။ ဓနအင်အားနည်းသည့်ကြားမှ တတ်နိုင်သမျှ တည်ဆောက်ထားသည့်အရာများမှာလည်း အဖျက်လုပ်ငန်းများကြောင့် ပျက်စီးကြရသည်။ သောင်းကျန်းသူအဖျက်သမားများကို တိုက်ခိုက်နှိမ်နင်းရခြင်း၊ ပျက်စီးသွားသမျှကို ပြန်လည်ပြင်ဆင်ရခြင်းတို့က နိုင်ငံအတွက် ဖြည့်ဆည်းစရာ၊ ဆောင်ရွက်ပေးစရာတို့ကို နှောင့်နှေးစေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျသည့်အခါ လွတ်လပ်သည့် နိုင်ငံဘဝသို့ ရောက်နေသည့်တိုင်အောင် နိုင်ငံသူ နိုင်ငံသားတို့မှာ လွတ်လပ်ခြင်း၏ အရသာကို အပြည့်အဝမခံစားကြရ။

နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရသည့် ခေတ်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူလူထုအား “လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။” ဟု မှာကြားခဲ့ပြီး လွတ်လပ်သည့် နိုင်ငံဘဝတွင်လည်း “ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခု ကတည်းက ခင်ဗျားတို့ကိုယ်ကိုယ်အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ (---) ကို ပြင်ကြဖို့လိုပြီ” ဟုလည်း မမေ့နိုင်လောက်အောင် ပြောကြားခဲ့ သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၇၈ နှစ်ပြည့်ပြီဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာလည်း ၇၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ၊ လွတ်လပ်သည့်နိုင်ငံသားများအဖြစ် လွတ်လပ်ရေး၏အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားစံစားနိုင်ရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ရေး၊ အလုပ်ကို အမှန်တကယ် ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြရေး၊ အမျိုးသား စည်းကမ်းကောင်းမွန်ရေး၊ အကျင့်ဆိုး အကျင့်ဟောင်းများ ပြုပြင်ရေးတို့ကို အားထုတ်ဖြည့်ဆည်းကြရပါဦးမည့်အကြောင်း။ ။