၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ရှိသည့် လူဦးရေအပေါ်အခြေခံသည့် အလုပ်လုပ်နိုင်သည့် စာရင်းအင်းအချက်အလက်များအရ အလုပ်လုပ်နိုင်သည့်သူ (အသက် ၁၅ နှစ်အထက်မှ အသက် ၆၅ နှစ်အကြား) လူဦးရေ ခန့်မှန်းခြေအနေဖြင့် ၃၄ ဒသမ ၈၀၆ သန်းရှိကြောင်း သိရသည်။ အဆိုပါ အသက်အရွယ်အတွင်းရှိ ပြည်သူများတွင် အခြေအနေအကြောင်းမျိုးမျိုးတို့ကြောင့် အပြည့်အဝအလုပ်လုပ်နေကြသောသူများရှိသလို မလုပ်နိုင်ကြသောသူများလည်း ရှိမည်ဖြစ်သည်။
မဖြစ်မနေ တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်လုပ်နေကြသည့်သူများမှာ ၁၉ ဒသမ ၁၄၁ သန်းရှိကြောင်းသိရသည်။ ယင်းတို့တွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တစ်သန်းကျော်ရှိသည်။ တက္ကသိုလ်ပညာသင်ကြားနေသူ ၁ ဒသမ ၄ သိန်းရှိသည်။ ပြည်တွင်း၊ ပြည်ပ၌ အလုပ်သမားအဖြစ်မှတ်ပုံတင်၍ အလုပ်လုပ်နေကြသူ ၁၇ ဒသမ ၁၃၀ သန်းရှိသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူသားအရင်းအမြစ်ကောင်းများ များစွာရှိနေသော်လည်း လမ်းကြောင်းလွဲမှားနေသည့် အလုပ်လုပ်နိုင်သောသူများ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြင်ပသို့ စီးထွက်သွားသည့်လုပ်အားများသည် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်သည်။
မျက်မှောက်ကာလတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၌ သက်ကြီးရွယ်အို လူဦးရေများပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများများပြားလာပြီး လုပ်သားကဏ္ဍလိုအပ်ချက်များ များလာခြင်းကြောင့် ရွှေ့ပြောင်းအရင်းအမြစ်ကောင်းများနှင့် လုပ်သားအင်အားစီးထွက်မှုများရှိလာသည်။ မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိသလို အလုပ်အကိုင်အခွင့်အလမ်းများလျော့ကျပြီး လူငယ်အများအပြား ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများလာသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ၏လူဦးရေတိုးနှုန်း လျော့နည်းလာသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်မှုမရှိစေရေးအတွက် ရွှေ့ပြောင်းနေထိုင်မှုအခြေအနေများကို သတိပြုကိုင်တွယ်ကြရမည်ဖြစ်သည်။ အနာဂတ်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုဦးရေသည် ကလေးဦးရေထက် ပိုမိုများပြားလာတော့မည်ဟု ပညာရှင်များခန့်မှန်းချက်ကို သတိပြုရမည်ဖြစ်သည်။ ထိုအချိန်တွင် တစ်သက်တာပညာသင်ယူမှုနှင့် လေ့ကျင့်သင်ကြားနိုင် မည့်အခွင့်အလမ်းများ၊ အသက်အရွယ်စုံ အလုပ်လုပ်နိုင်သည့် လုပ်သားအင်အားစုများဖြစ်စေရေး ဖန်တီးပေးရန် လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် အသက်အရွယ်ကြီးရင့်လာသော်လည်း ကျန်းမာရေးကောင်းပြီး အလုပ်လုပ်ချင်စိတ်ရှိနေသေးသူများကို ပုဂ္ဂလိကအခန်းကဏ္ဍတွင် အလုပ်လုပ်နိုင်မည့် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် ရေရှည်စီမံကိန်းများကို နိုင်ငံတော်က ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသည်။ မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်နှင့် MSME လုပ်ငန်းနယ်ပယ်များကဲ့သို့ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းနယ်ပယ်များတွင် လုပ်သားအင်အား ရှားပါးမှုအခက်အခဲများရှိကြောင်း သိရသည်။ နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရာ၌ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် နည်းပညာ၊ ငွေကြေးအရင်းအနှီးများ ပြည့်စုံရန်လိုအပ်သကဲ့သို့ လူသားအရင်းအမြစ်ကောင်းများလည်း လုံလောက်စွာရှိရန် လိုအပ်သည်။ ထို့အပြင် လုပ်ခလစာများကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ ချီးမြှင့်ပေးအပ်နိုင်ရန်လည်း လိုအပ်သည်။
ဥပမာအားဖြင့် ပြည်တွင်း၌ တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိသည်။ တည်ထောင်ပြီး စက်မှုဇုန်များတွင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိသည်။ အဆိုပါလုပ်ငန်းများတွင် လုပ်သားပေါင်း ၅၅၆၀၀၉ ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်။ နိုင်ငံတော်၏ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်လာပြီး စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းအားပေးမြှင့်တင်ကြရမည်ဖြစ်သည်။
အိမ်နီးချင်း ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွင် သက်ကြီးရွယ်အိုများကို ၎င်းတို့နှင့်သင့်လျော်သည့် အလုပ်အကိုင်များ ဖန်တီးပေးထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌လည်း အသက် ၆၀ အထက် အသက်ကြီးရင့်သူများကို နယ်ပယ်အသီးသီး၌ ၎င်းတို့၏ စွမ်းဆောင်နိုင်မှုအရည်အချင်းအလိုက် အလုပ်အကိုင်များ လုပ်ကိုင်နေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ လူသားအရင်းအမြစ်ကောင်းများကို အသက်အရွယ်မရွေး ထိထိရောက်ရောက် အသုံးချနိုင်ရန် စီမံခန့်ခွဲမှုစနစ်ကောင်းများဖြင့် အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း။ ။