မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိစေရန်နှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံအဆင့် ဦးစီးဦးဆောင် လှုပ်ရှားဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ စတင်ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည့် ဇူလိုင် ၃ ရက်ကို မြန်မာအမျိုးသမီးနေ့အဖြစ် ၁၉၉၈ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးများသည် ရှေးကတည်းကပင် အစဉ်အလာအရ အမျိုးသားတို့နှင့် သာတူညီမျှ လူ့အခွင့်အရေးများကို ရရှိခံစားခဲ့ကြရသည်။ မိမိတို့၏ မိသားစုတွင် အိမ်ရှင်မအဖြစ် နေရာရခဲ့သည့် မြန်မာအမျိုးသမီးတို့မှာ လူ့အဖွဲ့အစည်းတွင် ရော၊ နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးနယ်ပယ်များတွင်ပါ အမျိုးသားများနှင့် ရင်ပေါင်တန်း၍ ကျရာကဏ္ဍအလိုက် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ရာ အမျိုးသမီးတို့၏ အင်အားကို နိုင်ငံအတွက် အကျိုးရှိစွာ အသုံးပြုသွားနိုင်ရန်လိုသည်။ အမျိုးသမီးထုကြီး၏ အင်အားကို အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် တစ်ရပ်ဖြစ်လာစေရန် ပြုစုပျိုးထောင်ခြင်း၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အမျိုးသမီးအင်အားစုသည် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ကြီးမားသည့် အင်အားတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။
ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍ၊ ကျားမရေးရာတန်းတူညီမျှမှုအခြေအနေကို ဆန်းစစ်လေ့လာကြည့်မည်ဆိုပါက အစိုးရဌာနများတွင် အမျိုးသမီးပါဝင်မှုနှုန်းသည် ညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်တွင် ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်တွင် ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွင် ၅၇ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများတွင် ဖော်ပြထားရာ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားမှု သက်သေသာဓကပင် ဖြစ်သည်။
သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းအောက် ၆ရာခိုင်နှုန်းလျော့နည်းနေခြင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်မှုနှုန်းတွင် အမျိုးသမီးပါဝင်မှုနှုန်းသည် အမျိုးသားပါဝင်မှုနှုန်းအောက် အနည်းငယ်လျော့နည်းနေခြင်းတို့က မြန်မာအမျိုးသမီးများနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်ကို ပြသနေသည်။
သို့ဖြစ်ရာ မြန်မာအမျိုးသမီးငယ်ရွယ်များ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ပညာသင်ကြားတတ်မြောက်မှုကို မြှင့်တင်ပေးရန်၊ အမျိုးသမီးငယ်ရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် အလုပ်လုပ်ကိုင်နိုင်သည့်အရွယ်အမျိုးသမီးများအား ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးရန် လိုအပ်သကဲ့သို့ အမျိုးသမီးများကလည်း နိုင်ငံ၏ သမီးကောင်းရတနာများဖြစ်လာစေရေးအတွက် မြန်မာပီပီအားမနွဲ့စတမ်းကြိုးပမ်းစွမ်းဆောင် အားထုတ်ကြရပါမည့်အကြောင်း။ ။