၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ(၁၅)များ ရယူလျှောက်ထားနိုင်ကြောင်းနှင့် အထူးကိစ္စ တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက် နေ့တွင် အသိပေးကြေညာချက်ထုတ်ပြန်ပြီး ဖြစ်ပါသည်။
၂။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များ တင်သွင်းလာသည့် ပုံစံ(၁၅)များကို လက်ခံ ရရှိသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ email, Fax တို့ဖြင့် ပုံစံ(၁၅)များ ပေးပို့စိစစ်သွား ရမည်ဖြစ်ပါသည်။ သို့ရာတွင် ပုံစံ(၁၅)များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်ခြင်း ရှိ/ မရှိ တိုက်ဆိုင်စစ်ဆေး ပြီးနောက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို လက်ရှိ မဲဆန္ဒရှင် ရောက်ရှိနေသည့် မြို့နယ်များသို့ ပေးပို့ခြင်း၊ မဲဆန္ဒရှင်များ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်ပါစာအိတ်များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည် ပေးပို့ခြင်း တို့ကို ချောစာပို့ လမ်းကြောင်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၃။ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဒေသန္တရ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ၊ နယ်မြေဒေသအခြေအနေ၊ လမ်းပန်း ဆက်သွယ်မှုနှင့် ခရီးအကွာအဝေး စသည့် အခြေအနေများအရ ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့် စာအိတ်များ ပေးပို့ခြင်းအတွက် ခန့်မှန်း ၇ ရက်ခန့်၊ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ပြန်လည်ပေးပို့ခြင်း အတွက် ခန့်မှန်း ၇ ရက်ခန့် ကြာမြင့်နိုင်ပြီး ရွေးကောက်ပွဲနေ့ ညနေ(၄)နာရီမတိုင်မီ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိခြင်းမရှိပါက ပယ်မဲအဖြစ်သတ်မှတ်ရ မည်ဖြစ်သဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။
၄။ သို့ဖြစ်ပါ၍ အထက်အပိုဒ် ၁ ပါ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပုံစံ(၁၅)တင်သွင်းခြင်းကို ၂၅- ၁၀- ၂၀၂၀ ရက်နေ့ နောက်ဆုံး ထားဆောင်ရွက်ကြပါရန်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများအနေဖြင့်လည်း ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ကို ၁-၁၁-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ မိမိမြို့နယ်မှ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ရမည်ဖြစ်ပြီး အချိန်မီရောက်ရှိ နိုင်ရေး စီမံဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်