နေပြည်တော် အောက်တိုဘာ ၁၉
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်နောက်ပိုင်းတွင် SIM Card မှတ်ပုံတင် ဆောင်ရွက်ရာ၌ သက်သေခံကတ်ပြားတစ်ခုဖြင့် SIM Card (၂)ကတ်သာ မှတ်ပုံတင်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက် ရှေ့ပိုင်း သက်သေခံကတ်ပြားအမှတ် (၁) ခုလျှင် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များကို အချက်အလက် မှန်ကန်စွာဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ကြရန်နှင့် အချက်အလက်မှန်ကန်စွာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်း မရှိပါက အပြီးပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ၂၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာခဲ့ပါကြောင်း၊ ထို့အပြင် တယ်လီဖုန်း အော်ပရေတာ များသို့လည်း အချက်အလက်များ မှန်ကန်ခြင်း ရှိ မရှိ စိစစ်ပြီးမှသာ မှတ်ပုံတင် ကြရန် ညွှန်ကြားခဲ့ပါကြောင်း။
အဆိုပါ ကြေညာချက်၊ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ပြန်လည် မှတ်ပုံတင်ခြင်းမရှိသော SIM Card များနှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက် နောက်ပိုင်း အချက် အလက်များ မှန်ကန်စွာ မှတ်ပုံတင်ခြင်း မရှိသည့် SIM Card များ စုစုပေါင်း (၃၄ ဒသမ ၄၉) သန်း ကျော်ကို ပိတ်သိမ်းခဲ့ပြီး၊ အဆိုပါ ပိတ်သိမ်း SIM Card များတွင် လက်ကျန်ငွေ စုစုပေါင်းကျပ် (၁,၇၂၂) သန်းကျော် ကျန်ရှိခဲ့ပါကြောင်း၊ မှတ်ပုံတင်ခြင်း မရှိသော SIM Card (၃၄ ဒသမ ၄၉) သန်းကျော်အား ပိတ်သိမ်းခဲ့ခြင်း ကြောင့် တယ်လီဖုန်းသုံးစွဲသူ လူမျိုးဘာသာ ပေါင်းစုံတို့ကဖြည့်သွင်းထားခဲ့သည့် Top Up ငွေများ၏ လက်ကျန်ငွေ ကျပ်သန်းပေါင်း (၁,၇၂၂) သန်းကျော်ကို သုံးစွဲသူ အများပြည်သူများ ကိုယ်စား နိုင်ငံအကျိုးအတွက် ယခုကဲ့သို့ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ပါကြောင်း။
နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းတပ်ဆင်မှု လုပ်ငန်းများအတွက်လည်း ဝန်ကြီးဌာနမှ ငွေကျပ်သန်း(၄၀၀)ကျော် လှူဒါန်းခဲ့ပါ ကြောင်း၊ ယခင် ဇန်နဝါရီ ၃၁ ရက်တွင်လည်း မှတ်ပုံတင်ခြင်းမရှိသော SIM Card (၆ ဒသမ ၅၅) သန်းကျော် ပိတ်သိမ်းခဲ့ရာ၌ ကျန်ရှိသော လက်ကျန်ငွေ (၁,၅၇၃) သန်းကျော်ကို သုံးစွဲသူ အများပြည်သူကိုယ်စား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ လှူဒါန်းခဲ့ပါကြောင်း၊ မေ ၂၉ ရက်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကပြုလုပ်သည့် SMS ဖြင့် လှူဒါန်းခြင်း အစီအစဉ်တွင် ပြည်သူ (၄၁,၃၈၃) ဦးမှ ထည့်ဝင် လှူဒါန်းသည့် ငွေကျပ် (၂၀,၆၉၁,၅၀၀) နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထပ်ဆောင်းလှူဒါန်းသည့် ငွေကျပ် သိန်း (၁,၀၀၀)၊ စုစုပေါင်း ငွေကျပ်(၁,၂၀၆) သိန်းကျော်အား အများပြည်သူကိုယ်စား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ထည့်ဝင်လှူဒါန်းခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အား မိမိတို့နိုင်ငံ၌ ရင်ဆိုင်တုံ့ပြန်ကြရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများက တတ်စွမ်းသရွေ့ပါဝင် လှူဒါန်းလျက်ရှိကြရာ မိမိတို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဝန်ထမ်းများအနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ စက်တင်ဘာလ အတွင်းကလည်း နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် အသွားအလာကန့်သတ်ခံ ထားရသူများအတွက် လှူဒါန်းမှုများလည်း ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရှိ ကဏ္ဍအသီးသီးမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ပြည်သူများအတွက် ရှေ့တန်းမှနေ၍ ကိုဗစ်-၁၉ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု များပေးအပ်နေသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်း အားလုံး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း။
မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များ ရှိနိုင်သဖြင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ သေဆုံးလူနာများ၏ (၉၅) ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည်အခံရောဂါရှိသူများ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်း နေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံ ရနိုင်ပါကြောင်း။
သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်း နေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင် ရွက်ကြ စေလိုပါကြောင်း၊ ယခုကဲ့သို့သော လှူဒါန်းမှုများသည် ဝန်ကြီးဌာန၏ နိုင်ငံတစ်ဝန်းမှ ဆေးရုံများ၌ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင် ရာတွင်လည်းကောင်း၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ အောက်ဆီဂျင်ထုတ်စက်များ တပ်ဆင်ရာ တွင်လည်းကောင်း၊ အခြားသော ဆေးရုံပိုင်းဆိုင်ရာ အဆင့်မြှင့် တင်မှုများအတွက်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ လူနာများအား ကုသရာတွင် သာမက ရေရှည် ကာလအတွက်လည်း များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကျပ် (၁,၇၂၂, ၇၅၅,၅၁၂)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများက ငွေကျပ် (၁၁,၆၈၀,၀၀၀)၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမီတက်က ငွေကျပ် (၃၀,၀၀၀,၀၀၀)၊ နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats Campaign က ငွေကျပ် (၇,၆၄၈,၅၀၀)၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များက ငွေကျပ် (၂,၂၂၂,၀၀၀) နှင့် သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် (၁,၀၀၀,၀၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)